JESUS

Monday, January 17, 2011

ပျက်စီးခြင်းတို့မရာက်နိုင်


အခြေပြုကျမ်းချက်။ ။ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းတို့မရာက်၊ ထာဝရအသက်ကို ရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏ ။ [ ယော၊ 3:16 ]

ဖတ်ရန်ကျမ်းချက်။ ။ ရှင်ယောဟန် ခရစ်ဝင် [ 12: 46-50 ]

1877-ခုနှစ် July [ 13 ] ရက်နေ့တွင် နယူးယောက်မြို့၌ အမှောင်ထုကျခဲ့ပါသည်။ ထိုညတွင်လေပြင်းမုန်တိုင်းတိုက်ခတ်သဖြင့် လျှပ်စစ်မီးကြိုးများပြတ်ကျကာ လူပေါင်းကိုးသန်းသည် မိုးသက်မုန်တိုင်းကြားတွင် 25 နာရီပတ်လုံး အမှောင်ထဲတွင်နေကြရပါသည်။ မြေအောက်ရထားများ ခရီးမသွားနိုင်တော့ပါ။ ရေဒီယိုများ အသံမမြည်နိုင်တော့ပါ။ ဈေးဆိုင်များပိတ်ထားရပြီး ရေစုပ်စက်များ ရပ်တန့်နေစဉ်မှာ လူဆိုးသူခိုးပေါင်းများစွာတို့သည် မှောင်ရိပ်ခိုကာ ဆိုင်များ၊ အိမ်များမှ အဖိုးတန်ပစ္စည်းများကို ခိုးဝှက်လုယူသယ်ဆောင်ကြသည်။ လူများကိုလည်း ရိုက်နှက်၊ အိမ်ယာများကို ဖျက်ဆီး၊ အဆောက်အဦးများကို မီးရှို့ကြပါသည်။ မီးသတ်တပ်ဖွဲ့ဝင်များ၊ သူနာပြုများနှင့် ရဲများ အလုပ်ရှုပ်နေကြပါသည်။ ငြိမ်းသတ်မရသောမီး၊ ပြုစု၍မကုန်သောလူနာ၊ အန္တရယ်များကို မတားဆီးနိုင်သော ရဲများသည် အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်နေကြရပါသည်။ ရဲသား [100] ခန့်မှာ လူဆိုးတို့၏တိုက်ခိုက်ခြင်းကို ခံရလျှက် အုတ်ခဲနှင့် ပုလင်းတို့ဖြင့် ပစ်ပေါက်ခြင်း ခံရပါသည်။ မှောင်မိုက်ကာလ[25] နာရီအတွင်း နယူးယောက်မြို့သည် ဆူပူသောင်းကျန်းမှု၊ ပျက်စီးမှုတို့ဖြင့် အရုပ်ဆိုးလျှက်ရှိနေပါသည်။ အကယ်၍များ မှောင်မိုက်ကာလသည် [250] နာရီ သို့မဟုတ် [25] ရက်သာဖြစ်ခဲ့လျှင် တစ်မြို့လုံး၏ အနာဂတ်မှာ တွေးဝံ့စရာမရှိချေ။

ကျွန်တော်တို့နေထိုင်သော ကမ္ဘာမှာမူကား နေတစ်လှည့်၊ လတစ်လှည့်ဖြင့် မှောင်မိုက်သောကာလနည်းပါးသော်လည်း လူသားတို့၏ မိုက်မဲမှုက မနည်းလှပါချေ။ မှောင်မိုက်မှု အမျိုးမျိုးကို ခံစားနေကြရပါသည်။ တစ်ဦးနှင့်တစ်ဦး အနိုင်ကျင့်နေသော မှောင်မိုက်မှု၊ စည်းစိမ်ဥစ္စာလောဘအတွက် နှလုံးသားမှောင်မိုက်မှု၊ ဘုရားသခင်ကိုမေ့လျှော့လျှက် ကိုယ့်လမ်းကို မေ့လျှော့စွာ လျှောက်သွားနေသော အမှောင်လမ်းတို့ကြောင့် အချိန်ကာလသည် အရုပ်ဆိုးခဲ့ပါသည်။ သို့သော်လည်း ဒီအဖြစ်အပျက်ကို ဘုရားသခင်လက်မခံနိုင်ပါ။ လက်မခံခဲ့ပါ။

ရှင်ယောဟန် ခရစ်ဝင် [13:46] တွင်

“ငါ့ကိုယုံကြည်သမျှသ်ာသူတို့သည် မှောင်မိုက်ထဲ၌ မနေစေခြင်းငှာ ငါသည် အလင်းဖြစ်လျှက် ဤလောကသိုကြွလာပြီ…” ဟု ယေရှုက မိန့်တော်မူခဲ့ပါသည်။

မှောင်မိုက်ထဲသို့ လာသောအလင်း….။

အလင်းရောက်လာလျှင် အမှောင်သည် ကွယ်ပြောက်ရမြဲ။

အမှောင်ထဲမှလူသားများကို ကယ်တင်လမ်းပြဖို့ အလင်းရောက်လာရခြင်းမှာ ဘုရားသခင်၏ မေတ္တာကိုဖေါ်ပြနေပါသည်။ ‘အလင်း’ သည် စတေးခံဖို့ ရောက်လာခြင်းပါ။ အမှောင်ထုထဲမှာ လူများစွာကို ကူညီနေခဲ့သော နယူးယောက်မြို့မှ ရဲ [100]လိုပဲ ‘အလင်း’ဆိုသည့် ဘုရားသခင်၏ လက်ဆောင်သည်လည်း အန္တရယ်မကင်းပါ။ ‘အသက်’ကို အာမခံနိုင်သည့် လောကအမှောင်ထဲသို့ ဆင်းလာရခြင်းပါ။ အန္တရယ်ရှိုပါလျှက် ထိုတွင်းထဲသို့ ကျွန်တော်တို့ဆင်းရဲမည်ဆိုလျှင် ဘယ်လိုဆုံးဖြတ်မလဲ? သမ္မာကျမ်းစာက…..

“…သူအပေါင်းတို့သည် ပျက်စည်းခြင်းသို့မရာက်၊ ထာဝရအသက်ကို ရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏….”

ဟုဆိုပါသည်။

ဒီဇင်ဘာလတွင် ခရစ်ယာန်များစွာတို့ သည်ဝမ်းမြောက်ဝမ်းသာနှင့် ခရစ်စမတ်ပွဲကို ကြိုဆိုကျင်းပကြပါသည်။ ခမ်းနာထည်ဝါစွာ ဆင်ယင်ကြပါသည်။ ဂုဏ်တော်များကိုချီးမွမ်း၊ လက်ဆောင်များကိုပေး၊ ထိုကာလများသည် လောက၌ ‘မှောင်မိုက်သောကာလ’ မရှိဟု ထင်ရလောက်အောင် ပျော်ကြရပါသည်။ အမှန်တကယ်တော့ ကျွန်တော်တို့ ယခုကာလပျော်ခဲ့သလို ဟိုတုန်းက ပထမဦးဆုံး ခရစ်စမတ်တုန်းက ဘယ်လောက်များ သိုးထိန်းတို့ပျော်ခဲ့ကြမလဲ။ စဉ်းစားကြည့်နိုင်ပါသည်။ ခရစ်တော် [မေရှိယ] ကြွလာတော်မူကြောင်း ကောင်းကင်တမန်က လာပြောသောအခါ သူတို့ ဘယ်လိုခံစားရမလဲ? တကယ်တော့ ‘သိုးထိန်း’ ဆိုသည်မှာု ‘မှောင်မိုက်ထဲမှာ နေရသောသူ’ များ၏ပြယုဂ်ဖြစ်ပါသည်။

ဆင်းရဲသောသူ….

အနှိမ်ခံရသောသူ….

ဂရုပြုခြင်းကို မခံရသောသူ….

မှောင်မိုက်ထဲမှာ ထိတ်လန့်စွာနေရသောသူ….

ပတ်ဝန်းကျင်မှာ ဖိအားများပေးခြင်း ခံရသောသူ….

ထိုသို့သောလူတန်းစားအတွက် ‘အလင်း’ သည်ကြွရောက်လာခဲ့ပါသည်။

ကောင်းကင်တမန်က…

“လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကို သင်တို့အား ကြားပြောရ၏။ ယနေ့တွင် ဒါဝိတ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သော အရှင်သည် သင်တို့ အဖို့ အလို့ငှာ ဖွားမြင်တော်မူ၏” [လုကာ၊ 2:10]

ဟု ကြေညာခဲ့သည့်နောက်….

သိုးထိန်းများအားလုံးသည် ၀မ်းမြောက်ဝမ်းသာဖြင့် ဗက်လင်မြို့သို့ ပြေးသွားကြပါသည်။ တော်ပါသေးသည်။ ကောင်းကင်တမန်က ဘယ်လိုပင် လန်းညွှန်ထားသော်လည်း ‘အလင်း’ သည် အိမ်ကြီးအိမ်ကောင်း၊ နန်းတော်၊ ရဲတိုက်တို့မှာ မွေးဖွားလျှင်တော့ သူတို့ ဖူးတွေ့ရမှာ မဟုတ်ပါ ။ ယခုတော့ နွားစားခွက်မှာ ဖွားပေလို့.

ဆင်းရဲနွမ်းပါးသောသူများ၊ ပ္ပညာရှိများ…မခွဲမခြား၊ ဗက်လင်မြို့၏ နွားစားခွက်မှာ ဆုံတွေ့ကာ အလင်းသခင်ကို ဖူးမြင်ကြရပါပြီ။ သည်အခွင်အရေးကို ကျွန်တော်တို့လည်း ရယူဖို့လိုပါသည်။ ဘုရားသခင်သည် ‘တစ်ပါးတည်းသော သား’ ကိုစွန့်၍ ချစ်ခြင်းမေတ္တာကို သက်သေပြခဲ့ပါသည်။ သည်မေတ္တာကို ရဖို့ ဘုရားသခင်ကို ယုံကြည်မှဖြစ်ပါမည်။

ပျက်စီးခြင်းသို့မရောက်ရန်အတွက်…

ထာဝရအသက်ကို ရရန်အတွက်….

ဘုရားသခင်က ဒီဇင်ဘာနှင်းပွင့်ကြားမှာ ပြင်ဆင်ထားပြီးပါပြီ။ ကျွန်တော်တို့က

‘ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်း’ ဖြစ်ဖို့ပဲ လိုပါသည်။ သည်အချက်အရေးကြီးပါသည်။

တစ်ခါတစ်လေ ‘ယုံပါတယ်’ဟု လေသံကလေးနှင့် ဖြေကြားရင်း မရေမရာနိုင်လှစွာ အသက်သာကို ကုန်ဆုံးသွားစေခဲ့ကြပါသည်။ တချို့ကလည်း သေခါနီးမှ ခရစ်ယာန်လားဟု မေးယူရပါသည်။ ထိုကဲ့သို့သော မိတ်ဆွေများကို ‘ဘုရားသခင်ကို ယုံကြည်သူအပေါင်း’ ဟုသတ်မှတ်၍ ရမလား၊ စဉ်းစားစရာပါပဲ။

အသင်းတော်တစ်ပါးရှိ သင်းအုပ်ဆရာအား သူ၏အသင်းသားတစ်ယောက်က ဤသို့မေးပါသည်။

“ဆရာ…ကျွန်မဘာလုပ်ရမလဲ။ ဘုရားသခင်ဟာကျွန်မကို စွန်ပစ်ခဲ့တာကြာပါပြီ”

သူမက ၀မ်းနည်းစွာပြောပြီးနောက် မကြာသေးခင်ကာလ သူမတွေ့ဆုံခဲ့ရသော ဒုက္ခဆင်းရဲများကို တစ်ခုခြင်းပြောပြလေသည်။ မှန်ပါသည်။ သူမ၌ ပြဿနာများစွာ ရှိခဲ့ပါသည်။ တရားရုံးမှာလည်း အမှုရုင်ဆိုင်နေရသည်။ သူမ၏ကားကလည်းပျက်။ ခင်ပွန်းသည်က ရာထူးမတက်။ ကလေးများက မလိမ္မာ။ မိအိုဖအိုကလည်းနေမကောင်း။ အို….ဒုက္ခတွေအုံနဲ့ကျင်းနဲ့။ “ကဲ….ဆရာကြားခဲ့ရပြီ မဟုတ်လား။ ဘုရားသခင်ဟာ ကျွန်မကို ဘယ်လောက်ပြစ်ထားခဲ့သလဲဆိုတာ။ ဘုရားသခင်ဟာ ကတိတော်များကို ချိုးဖောက်ခဲ့တာပဲရှင်” မှန်ပါတယ် တူမကြီးရဲ့ နှလုံးကွဲကြေလောက်အောင် ဒုက္ခမျိုးစုံတွေ့ခဲ့ရတာပဲ။ တူမကြီး မညာဘူးဆိုတာသိပါတယ်။ အမှန်ပဲကြုံရတဲ့ဒုက္ခပဲ။ သို့ပေမယ့် ဆရာပြောချင်တာက ထာဝရဘုရားသခင်ဟာ တူမကြီးကိုမစွန့်ပြစ်ဘူးနော်။ မင့်နားမှာရှိတယ်။ တကယ့်ကို ကူညီချင်ပေမယ့် သူ့အတွက် တူမကြီးက အခွင့်အရေးမပေးတော့ ခက်နေတာပေါကွယ်”

“ဆရာဘာကိုဆိုလိုပါသလဲ”

“ဒီလိုပါ၊ ဆရာပြောတဲ့အချိန်ဇယားအတိုင်း[6]ပတ်လောက် လိုက်နာဆောင်ရွက်ကြည့်ပါ”

သူမက သက်ပြင်းကိုရှိုက်ကာ….

“မနက်တိုင်း၊ ညနေတိုင်း နာရီဝက်ခန့် အချိန်ပေးပါကွယ် အဲဒီအချိန်မှာ ကျမ်းစာဖတ်ရမယ်။ ဆုတောင်းရမယ်၊ ခရစ်တော်အကြောင်းကိုစဉ်းစားရမယ်”

“ဒါကိုတော့ ကျွန်မ ကတိမပေးနိုင်ပါဘူး ဆရာ။ ဘုရားသခင်က ကျွန်မကိုပြစ်ထားတဲ့ အချိန်ကစပြီး ကျွန်မ ဆုမတောင်းတာကြာပြီ”

သည်ဖြစ်ရပ်လေးကို စဉ်းစားကြည့်ပါ မိတ်ဆွေ။

ဘုရားသခင်က ဘယ်လိုပဲ ပြင်ဆင်ပေးပေး၊ ကျွန်တော်တို့က ခံယူမှ ‘ဖွားခြင်တော်မူခြင်း’ဟာ အဓိပ္ပာယ်ရှိပါမည်။ လူ့ဇာတိခံယူခြင်း၊ အလင်းသခင်ကြွရောက်လာခြင်းကို နေရာမပေးဘူး။ ကြားလျှက်နဲ့ ဥပေက္ခာပြုမယ်ဆိုလျှင် ‘ပျက်စီးခြင်း’သို့မရောက်ပဲမနေပါ။

ဟေရှာယအနာဂတ္တိ [59:1]တွင် “ထာဝရဘုရားသည် မကယ်တင်နိုင်အောင် လက်တော်တိုသည် မဟုတ်”ဟု ဖော်ပြထားပါသည်။ သို့သော်လည်း ရှင်ယောဟန်က ‘သားတော်ကို ယုံကြည်သူအပေါင်း’ဟု ၀ိသေသပြုပြန်သည်။

‘သားတော်ကိုယုံကြည်သောသူ’ ဖြစ်မှ သိုးထိန်းများနည်းတူ ယေရှုသခင်ကို ဖူးမြင်ခွင့်ရပါမည်။ ပျက်စီခြင်းမှ လွဲဖယ်ခွင့်ရပါမည်။ ဘုရားသခင်ကတော့ ပြင်ဆင်ထားပါပြီ။ ထိုစားပွဲသို့ဝင်ရောက်ဖို့ရန်ကား ကျွန်တော်တို့ကိုယ်ကို ပြင်ဆင်ရပါမည်။ ပွဲဝင်ခွင့်လက်မှတ်ကတော့ သားတော်ကို ယုံကြည်ဖို့ပါပဲ

သင်ယုံကြည်ပါပြီလားမိတ်ဆွေ။

ပြီးတော့ သင်၏ ယုံကြည်ခြင်းကိုလည်း စိတ်ချပြီလား။ ယုံကြည်ခြင်းနှင့် တွဲဖက်သော ‘အကျင့်’ကော သင့်မှာ စုစည်းမိပြီဆိုလျှင်တော့ ဘယ်လိုမှ ‘ပျက်စီးခြင်းသို့မရာက်’ နိုင်တော့ဘူးဆိုတာကို အာမခံဖော်ပြရင်း နိဂုံးချုပ်ပါရစေ။

ဆိုး ခွန်အားကို ဖြည့်စွမ်းသော တရားဟောချက်များ စာအုပ်မှ ပြန်လည်ဖော်ပြပေးပါသည်

No comments:

Post a Comment