အခြေပြုကျမ်းချက်။ ။ဘုရားသခင်နှစ်သက်တော်မှုသောယဇ်မူကား
ကျိုးပဲ့သောစိတ်ပေတည်း။ အိုဘုရားသခင်
ကိုယ်တော်သည်ကျိုးပဲ့ကြေမွသောနှလုံးကို
ငြင်းပယ်တော်မမူတတ်ပါ < ဆလံ၊ 51:17 >
ဖတ်ရန်ကျမ်းချက်။ ။ ရှင်လုကာခရစ်ဝင် 15 ။
နိဒန်း
ခရစ်ယာန်တစ်ယောက်၏ အသက်တာတွင် မိမိကိုးကွယ်သော ဘုရားသခင်နှင့် အစဉ်မိတ်သဟာယ ဖွဲ့ရန်လိုအပ်ပါသည်။ မိမိ၏ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ရန် ဘုရားသခင်က အဘယ်အရာကိုနှစ်သက်ပါသနည်း ဆိုသည့်အချက်ကိုလည်း သိရန်လိုအပ်ပါသည်။ သမ္မာကျမ်းစာတွင် ဖေါ်ပြသော ဘုရားသခင် နှစ်သက်တော်မူသော အရာကား အလွန်အံ့သြထိပ်လန့်ဖွယ်ကောင်းပါသည်။ “ကျိုးပဲ့သောစိတ်” “ကြေမွသောနှလုံး” ဖြစ်သည်ဟု ဆလံဆရာ ရှင်ဘုရင်ဒါဝိတ်က ရေးသားခဲ့ပါသည်။
အဓိပ္ပါယ်အားဖြင့် ကျိုးပဲ့သောစိတ်ဟူသည်မှာ လွန်စွာမှ နိမ့်ကျသည့် လက္ခဏာ၊ ဖိနှိပ်ခြေမှုန်းခြင်းခံရသော အသွင်သဣန်ရှိပါသည်။ ဘုရားသခင် အဘယ်ကြောင့် ဤကဲ့သို့ ကျိုးပဲ့သောစိတ်ကို လိုချင်ပါသနည်း။ ကြေမွသောနှလုံးဆိုသည့် စကားကိုလည်း ခံစားကြည့်ပါ။ ရှိသမျှ အရာအားလုံး ဆုံးရှုံးနစ်နာလျှက် အပျက်အစီးတို့ကြားမှာ ဘာမှမျှော်လင့်စရာမရှိတော့သောအခါမှသာ လူတစ်ယောက်သည် “ကြေမွသောနှလုံး” ကိုရပေသည်။ မာန်မာနကို ခ၀ါချလျှက်၊ မျက်ရည်ကိုအဖေါ်ပြု ၊ အားလုံးကိုအလျှော့ပေးလိုက်နိုင်သော အချိန်သည် နှလုံးကြေမွခဲ့ကြရပါပြီ။ အဘယ်ကြောင့်များ ကိုယ်တော်သည် ထိုကဲ့သို့သောအခြေအနေကို ရောက်ရှိမှသာ ကျေနပ်နှစ်သက်တော်မူပါသနည်း။ နားလည်ရန်ခက်ပါသည်။
ကျိုးပဲကြေမွသော စိတ်နှလုံးရှိရန် ချိုးဖဲချေမှုန်းခြင်းကို မလွဲမသွေ ခံစားကြရပါသည်။ တစ်စစီကျိုးပဲ့နေသော ဤအခြေအနေသို့ မည်သူမျှ မရောက်ချင်ပါ။ ကြောက်လန့်ဖွယ်ရာ အနေအထားဖြစ်ပါသည်။သို့သော်လည်း ကိုယ့်ညဏ်ကို အမှီပြုလျှက် စိုးရိမ်ထိတ်လန့်ခဲသော ကျွန်တော်တို့၏ အတွေးများသည် ကြိမ်ဖန်များစွာ လွဲချော်ခဲ့သည့်အတိုင်း ဤတစ်ကြိမ် နှုတ်ကပတ်တော်၏ ဖေါ်ပြချက်အတွက်လည်း အခြအမြစ်ကို စေ့စေ့ကြည့်လျှင် ဤကျမ်းချက်သည် အမှန်တကယ်ပင် အသက်ရှင်ခြင်း လက္ခဏာကို ဖေါ်ပြပါသည်။
၁။ ပျောက်သောသားများဝန်ခံ့ခြင်း
သမ္မာကျမ်းစာတွင် တွေ့ရသော ယေရှုခရစ်တော်၏ ဥပမာတော်များအနက် ပျောက်သောသား ဥပမာ >လု၊ 15:12- 32< သည်အလွန်ထင်ရှားပါသည်။ ယူဒလူမျိုးတို့၏ ထုံးစံအရ အသက်(၈) နှစ်ပြည့်လျှင် မိဘထံမှ ရသင့်ရထိုက်သည့် အမွေကိုတောင်းခံနိုင်ပါသည်။ သူဋ္ဌေးတစ်ဥင်္ီး၏ သားနှစ်ယောက်အနက် သားငယ်သည် ဖခင်ထံမှရသင့်သည့် အမွေဥစ္စာကို ကြမ်းတမ်းစွာ တောင်းခံရရှိပြီးနောက် ဝေးသောအရပ်သို့သွားကာ သုံးစွဲဖြုန်းတီးပြီးမှ ဒုက္ခကြီးစွာ ရောက်ခဲ့ရပါသည်။ ကျွန်တော်တို့၏ အသက်တာတွင်လည်း ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများ (ရနေပါလျှက်) ကြမ်းတမ်းစွာတောင်းခံမိတတ်ပါသည်။ ဆုတောင်းခဲ့ခြင်းများကို ပြန်လည်ဆန်းစစ်သောအခါ ကြမ်တမ်းစွာတောင်းခံခဲ့ခြင်း၊ အတ္တများဖြင့်တောင်းခံခဲခြင်း၊ စိန်ခေါ်မှုများဖြင့် တောင်းခံခဲခြင်း၊ သံသယများဖြင့်တောင်းခံခဲ့မိပါသည်။ ကဗျာလေးတစ်ပုတ်ကို ကျွန်တော်နှစ်သက်လွန်းသဖြင့် ဖော်ပြလိုပါသည်။ ကဗျာရှင်သည် “မိတံငါ” ဖြစ်၍ ကဗျာအမည်မှာ “ဓားပြတိုက်သူ” 1998 Jun လ၊ မေတ္တာတမန်မဂ္ဂဇင်းမှာ ပါဝင်ခဲ့ပါသည်။
“ဓားပြတိုက်သူ”
မနက်အာရုဏ်
စောစောထ၍၊ ကောင်းချီးမင်္ဂလာ
သခင့်ထံဆီ၊ ပေးပါကမ်းပါနှင့်။
နေ့လည်မွန်းတည့်
ဒူးကိုထောက်၍၊ ကောင်းချီးမင်္ဂလာ
သခင့်ထံဆီ၊ ပေးပါဦးကမ်းပါဦးနှင့်။
ဟော..ညအိပ်ရာဝင်တစ်ခါလည်း
မိသားစုအတွက်
ရွှေငွေဥစ္စာများနှင့် သခင့်ဆီတောင်း
သခင့်စကားနားမထောင်ပဲ
ကိုယ့်စကားနားထောင်ခိုင်းတဲ့
သခင့်ဆီ ဓားပြတိုက်နေတဲ့ ငါပါလား
အမှန်တွင် လူသားတို့သည် ဘုရားသခင်ပေး [ခွင့်ပြု] ထားသောအချိန်၊ အရာဝတ္ထု၊ အဖြေများနှင့် အသက်ရှင်လျှက်မှ အားမရစွာ ဓားပြတိုက်နေရင်း ဘုရားသခင်နှင့် ဝေးကွာသောအရပ်မှာ(သားငယ်ကဲ့သို့) သွားရှောင်ကြရင်း ပြောက်သောသားများ ဖြစ်မှန်းမသိ ဖြစ်သွားကြရပါသည်။ သိုးများသည်ခြံကိုမခုန်၊ မပြေးသော်လည်း မြက်ကိုငုံ့စားရင်း တဖြည်းဖြည်း တစ်လက်မချင်း ဝေသွားကာ ပျောက်ဆုံးသွားတတ်ပါသည်။ ယုံကြည်သူအများသည်လည်း ဒုက္ခကို ကြီးစွာရင်ဆိုင်ရမှသာ (သားငယ်ကဲ့သို့) ဘုရားသခင်ကို ပြန်လည်သတိရပါသည်။ ဖခင်၏မေတ္တာကို နားလည်လာ၍ နောင်တနှင့်ပြန်လာကာ ခြေတော်ရင်းသို့ တိုးဝင်ခဲ့မြဲ ဖြစ်ပါသည်။
ဖခင်အား… “မိမိကိုသားငယ်တစ်ယောက်ကဲ့သို့ မသတ်မှတ်ရန်၊ အစေခံကျွန်တစ်ယောက်ကဲ့သို့ နေထိုင်ခွင့်ပြုရန်” ကိုဖော်ပြခွင့်တောင်းလာသောအခါ ဖခင်ကနွေးထွေးစွာ ကြိုဆိုခဲ့ပါသည်။ မိမိထံပါးမှ ထွက်ခွာသွားသော်လည်း ပြန်လာပြန်လာဖို့အလိုရှိနေသည်။ ပြန်လာသောအခါ၌လည်း မမြည်တမ်း။ သားအရာ၌ ဆက်လက်ထားကာ မြတ်သောဝတ်လုံကိုခြုံစေသည်။ လက်ဝတ်တန်ဆာကို ဆင်ယင်လျှက် ခြေနင်းကိုစီးစေသည်။ ဆူဖြိုးအောင်ကျွေးသော နွားငယ်ကို သတ်စေ၍ ပွဲကိုပင် လုပ်ပေးသေးသည်။ ဤဥပမာဖေါှ်ပြချက်၏ အနှစ်ချုပ်မှာ “နောင်တနှင့်ပြန်လာသူ” ၏အကြောင်းပင်ဖြစ်ပါသည်။ နောင်တနှင့် ပြန်လာသောသူ တစ်ယောက်က “အဘ၊ အကျွန်ုပ်သည်၊ ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်တော်ကိုလည်းကောင်း ပြစ်မှားပါပြီ” ဟူသောဝန်ခံစကားသည် အဓိကဖြစ်ပါသည်။ ပျောက်သောသား၏ မိမိအဖြစ်ကို ရိုးသားစွာ ၀န်ခံခြင်းသည် ကျိုးပဲ့သောစိတ်၊ကြေမွသောနှလုံးသား၏
ပထမလက္ခဏာ ဖြစ်ပါသည်။ ဤအရာကို ဘုရားသခင်နှစ်သက်တော်မူသည်။ အကျွန်ုပ်လွန်ကျူးပါပြီဟု ၀န်ခံလျှက် ကိုယ့်အပြစ်ကို အစဉ်မပြတ် အောက်မေ့လျှက်နေပါ၏။
မချွင်းမချန် ၀န်ခံရဲသူဖြစ်ပါသည်။ ကိုယ်တော်ကိုသာပြစ်မှား၍ မျက်မှောက်တော်အောက်၌ မတရားသောအမှုကိုပြုပါပြီ<ဆာ၊ 51:4> ဟုဗာသရှေဘ နှင့် မှားယွင်းခဲ့သူ၊ သူမ၏ခင်ပွန်း ဥရိယကို သေကြောင်းကြံစည်သူ ဒါဝိတ်သည် နောင်တနှင့် ငိုကြွေးလျှက် မိမိအပြစ်ကို ထပ်ခါထပ်ခါ ဖော်ပြခဲ့သည်။ ကျွန်တော်တို့၏ အပြစ်များအတွက်ကော၊ ၀မ်းနည်းလျှက်၊ ကြေကွဲလျှက်၊ နောင်တနှင့် ဘုရားသခင်ကို မတောင်းပန်သေး၊ တောင်းပန်ရန် မလိုအပ်သေးဘူးဟု ထင်မြင်မိပါသလား။
၂။ အပြစ်လွတ်ခြင်း ဂရုဏာတော်ကို တောင်းခံပါ
မှားပါတယ် ဟူသောစကားကို ဘန်းစကားအနေနှင့် ယခုအခါပြောနေကြသည်။ ရယ်ကာမောကာပြောသော မှားပါတယ်ဟူသော စကားသည် ၀န်ခံခြင်းဝေါဟာရဖြစ်သော်လည်း အနက်ကားမတူပေ။ နောင်တနှင့် ၀န်ခံခြင်းရှိသော စကားကမူ ကျိုးပဲ့ကြေမွသော စိတ်နှလုံးကို၏ ဒုတိယလက္ခဏာမှာ အပြစ်လွှတ်ခြင်း ဂရုဏာတော်ကို တောင်းခံခြင်းဖြစ်ပါသည်။
အို…ဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ။ စုံမက်တော်မူခြင်း၊ ဂရုဏာများပြားသည် နှင့်အညီ အကျွန်ုပ်လွန်ကျူးခြင်းအပြစ်ကို ဖြေတော်မူပါ။ မိုးပွင့်ထက်သာ၍ ဖြူစင်စေခြင်းငှာဟု ဿုပင်ညွန့်နှင့် သန့်ရှင်းခြင်းမင်္ဂလာကို ပေးတော်မူပါဟု ဒါဝတ်သည် တောင်းပန်စကားဆိုခဲ့လေသည်။
သမာကျမ်းစာတွင် ဒါဝိတ်သည် ဘုရားသခင်ကို အလွန်ချစ်သောသူ၊ ဘုရားကလည်း အလွန်ချစ်သော်သူဖြစ်သည်။ ငယ်ရွယ်စဉ်ကစ၍ ဘုရားသခင်က ရွေးချယ်ခဲ့သူ၊ အသုံးပြုခဲ့သူဖြစ်ပါသည်။ သို့သော်လည်း ဘုရားသခင်ကို သူပြစ်မှားသောအခါ ဘုရားသခင်က ပြင်ထန်စွာ ဆုံးမခဲ့ပါသည်။ ဒါဝိတ်သိပါသည်။ မိမိမှာ အပြစ်ရှိသည်ဟု နောင်တရသည်နှင့်တပြိုင်နက် ဘုရားသခင်၏ အပြစ်လွှတ်ခြင်း ကရုဏာတော်အားဖြင့်သာလျှင် သူ၏မိုက်ပြစ်များကို ဆေးကြောခံရမည်ကို သဘောပေါက်ခဲ့ပါသည်။ ဤအချက်သည် အလွန်နည်းနာယူဖွယ် ကောင်းပါသည်။ အို…ဘုရားသခင်၊ ကျွန်တော်မှားခဲ့ပါသည်၊ ယခုပင် နောင်တရလျှက် မိမိအပြစ်အတွက် ကျိုးပဲကြေမွသော စိတ်နှလုံးဖြင့် ၀န်ခံတောင်းပန်ကာ အရှင်ဘုရား၏ သနားခြင်းကရုဏာတော်ကို မျှော်လင့်ပါသည်ဟု ဒူးထောက်ကာ ဆုတောင်းဖူးပါသလား။
သည်လို တကယ့်ကိုကြေကွဲနက်ရှိုင်းစွာ ဆုတောင်းလျှင် ဘုရားသခင် နားမညောင်းနိုင်ဘူးဟု သင်ထင်ပါသလား။ စင်စစ်တွင် ဘုရားသခင်သည် ကျိုးပဲ့ကြေမွသောစိတ်ကို နှစ်သက်၍ ထိုစိတ်ဖြင့်နှိမ့်ချစွာ တောင်းလျှောက်သမျှကို လက်ခံပါသည်။
သမာကျမ်းစာထဲမှ ပျောက်သောသားဥပမာလိုပင် အပြင်မှာတကယ့်ဖြစ်ရပ်တစ်ခု ရှိခဲ့ပါသည်။ တစ်နေ့သောအခါ ဒေါက်တာချက်(ပ) မင်း၏ အသင်းတော်တွင် လူတစ်ယောက် သက်သေခံပါသည်။ သူသည်တစ်နေ့တွင် မီးရထားစီးပြီး မြို့ကလေးတစ်မြို့တွင်ဆင်း၏။ နေစရာလည်းမရှိ၊ စားစရာလည်းမပါ၊ ငွေကြေးလည်း တစ်ပြားတစ်ချပ်မရှိသောကြောင့် မိမိကိုယ်ကို သူတောင်းစားဘ၀သို့ ပြောင်ရွှေ့ကာ တောင်းရမ်းစားသောက်နေသည်။ သည်မြို့ကလေးမှာ တစ်နေ့ပြီးတစ်နေ့ သူတောင်းစားဘ၀၌ ကျင်လည်ခဲ့သည်မှာ အတော်ကလေး ကြာလာခဲ့သည့်တစ်နေ့
ထိုနေ့မှာ အလွန်ဆာလောင်မွတ်သိပ်လာ၏။ မည်သူ့ထံမှ တောင်းရမ်း၍လည်းမရ၊ ဘူတာရုံဖက်သွားစဉ် အဖိုးအိုတစ်ယောက်ကိုတွေ့ရသည်နှင့် အမှီပြေးလိုက်ရပါသည်။ နောက်ဘက်မှ အဖိုးအို၏ ပုခုံးကိုတို့ကာ ဘကြီးခင်ဗျာ၊ ကျွန်တော့ကိုငွေတစ်ကျပ်တစ်ပြား စွန့်ကြဲသနားပါ ကျွန်တော် ထမင်းဆာလွန်းလို့ပါဟု တောင်းစားလေသည်။ အဖိုးအိုကလှည့်ကြည့်လိုက်သည်။
သူတောင်းစားခမျာ အလွန်အမင်း အံ့သြသွားလေသည်။ အဖိုးအိုသည် စင်စစ်တော့ အသက်အရွယ်ကြီးရင့်နေသော သူ့ဖခင်ဖြစ်နေပါသည်။
“အဖေ-အဖေ၊ အဖေကျွန်တော့်ကို မှတ်မိသလား” အဖိုးအိုသည် သူတောင်းစား၏ လည်ပင်းကို လက်နှစ်ဖက်နှင့်ဖက်ပြီး ရှိုက်ကြီးတငင်ငိုလေ၏။ သားဖြစ်သူမှာလည်း နောင်တကြီးစွာဖြင့် မျက်ရည်ကျလေသည်။
“သားကိုတွေ့ပြီ သားကိုတွေ့ပြီ။ အဖေ့မှာရှိသမျှဟာ သားရဲ့ ပ္ပစည်းချည်းပါပဲ” သားဖြစ်သူသည် ငွေတစ်ကျပ်သာ တောင်းသော်လည်း ဖခင်ဖြစ်သူသည် သူ၌ရှိရှိသမျှကို ပေးရန်(၁၈)နှစ်လုံလုံး သားကိုရှာဖွေခဲ့လေသည်။
ဘယ်လောက်အံ့သြစရာကောင်းသည့် အဖြစ်အပျက်လဲ…?
ခွင့်လွှတ်ခြင်း သနားကရုဏာကို ကျွန်တော်တို့ မတောင်းပန်ပဲနေတာ ဘယ်သူ့အမှားလည်း..?။
တစ်နှစ်တစ်နှစ်မှာ နောင်တစိတ်ဖြင့်ဘုရားသခင်ထံ ဘယ်နှစ်ကြိမ် ချဉ်းကပ်ခဲ့ပါသလဲ…..?
တစ်ခါက မိတ်ဆွေတစ်ဦး ပြောပြဖူးသည်မှာ သမုဒ္ဒရာကိုဖြတ်၍ အခြားသောတိုင်းပြည်သို့ သင်္ဘောဖြင့် ခရီးသွားသောအခါ ခရီးသည်တစ်ဦးသည် ထမင်းစားချိန်ရောက်တိုင်း မိမိအခန်းသို့ပြန်သွားပြီး တံခါးပိတ်ကာ ဒိန်ခဲနှင့် ဘီစကစ်မုန့်ကို ကော်ဖီနှင့်သောက်လေ့ရှိသည်။
တစ်နေ့တွင် သူ၏မိတ်ဆွေက ထမင်းစားချိန်၌ သူ့ကိုအတင်းခေါ်သွား၍ သင်္ဘောပေါ်မှာ ကျွေးလျှင် သူအလွန်အံ့သြသွားလေသည်။ တကယ်တော့ သင်္ဘောခပေးသည့်ပိုက်ဆံထဲမှာ စားသောက်စရိတ်ပါသွားပြီးဆိုတာကို သူမသိခဲ့ပါ။ ခရီးသည်တစ်ယောက်သည် အထက်တန်းကျကျ စားသောက်နေထိုင်နိုင်ပါလျှက် သူ့ခမျာရက်ပေါင်းများစွာ ဒိန်ခဲနှင့် ဘီစကစ်ကိုပဲ စားသောက်ခဲ့ရသည်မှာ တွေး၍ ၀မ်းနည်းစရာဖြစ်ခဲ့ပါသည်။
ဘုရားသခင်နှင့်ဝေးကွာစဉ်မှာ အပြစ်လွတ်ခြင်းကရုဏာကို တောင်းလျှောက်လျက် ဘုရားသခင်၏သားသမီး ပီသစွာ အခွင့်အရေးကို ရယူသင့်ပါသည်။ အပြစ်လွှတ်ခြင်းကရုဏာကို ခံရပြီးပြီဆိုလျှင် ခံစားရသည့် အခွင့်အရေးကို သမ္မာကျမ်းစာတွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်
“ အဘက မြတ်သောဝတ်လုံကို ယူခဲ့၍ ခြုံကြ။
သူ၏လက်၌ လက်စွပ်တန်ဆာကို ဆင်ကြ။
ခြေနင်းကိုလည်း စီးစေကြ။
ဆူအောင်ကျွေးသောနွားကလေးကို ယူ၍သတ်ကြ။
သို့ပြီးပါမှ ငါတို့သည် စားကြကုန်အံ့။
ပျော်မွေ့ခြင်းကို ပြုကြကုန်အံ့”။ > လု၊15:22-23 < ဟုလာသတည်း
နိဂုံး
[1891] ခုနှစ်၊ August [25] ရက်နေ့တွင် Star of East အမည်ရှိ ငါးဖမ်းသင်္ဘောသည် ဖောက်ကလင်ကျွန်းစုအနီးတွင် ငါဖမ်းနေပါသည်။ သင်္ဘောအနားမှာ ပေ [80] ရှိဝေလငါးတစ်ကောင် ကိုမြင်ရသဖြင့် သင်္ဘောသားများက မှိန်းဖြင့်ထိုးရန် လှေငယ်ဖြင့် ချဉ်းကပ်သွားကြပါသည်။ အလှမ်းမီသည်နှင့် မှိန်းဖြင့်လှမ်းထိုးရာထိပါသည်။
ဒဏ်ရာနှင့်ငါးကလည်း ပြန်လည်တိုက်ခိုက်သဖြင့် လှေမှောက်ကာ တံငါသည်တစ်ချို့ ရေထဲကျသွားပါသည်။ ထို့နောက်မှာ ကြိုးစား၍ သင်္ဘောဆီပြန်ကူးခတ်လာသဖြင့် ဂျိမ်းဘက်ကလေဆိုသူမှလွဲ၍ ကျန်သူများကို ဆယ်ယူနိုင်လေသည်။ နောက်တနေ့တွင်မူ ဝေလငါးကြီးကို အသေဖမ်းမိလေသည်။
ငါးကိုကုန်းပတ်ပေါ်ဆွဲတင်ပြီး ဗိုက်ကိုခွဲကြလေသည်။ ထူးထူးဆန်းဆန်းပင် ငါး၏ဗိုက်အတွင်း၌ လှုပ်ရှားမှုကိုတွေ့ရသဖြင့် သတိထား၍ခွဲလိုက်သောအခါ ပျောက်နေသော ဂျိမ်းကိုတွေ့ရသည်။ သူသည်လှေမှောက်စဉ်က ငါးအမျိုခံလိုက်ရပါသည်။ ရေးအေးအေးဖြင့် ချိုးပေးလိုက်သောအခါ သတိရလာပါသည်။ သူကသက်သေခံသည်မှာ
“ကျွန်တော်၏လှေကို ငါးကြီးက အမြီးဖြင့်ရိုက်သဖြင့် ရေထဲသို့ကျသွားပါသည်။ တစ်ပြိုင်နက်မှာပဲ ငါး၏ဟနေသော ပါးစပ်ထဲသို့ကျသွားပါသည်။ တစ်ပြိုင်နက်မှာပဲ ငါး၏ဟနေသော ပါးစပ်ထဲလိမ့်ကျကာ ချောနေသော လည်မြိုမှတဆင့် ငါး၏အစာအိမ်ထဲ ဒါရိုက်ရောက်သွားပါသည်။ ချွဲကျိကျိအရေတွေနှင့် ချောနေ၍ ကုတ်ဖဲ့တက်၍လည်းမရပါ။ မှောင်လိုက်တာမှ ဘာမှလည်းမမြင်ရပါ အစာအိမ်နံရံက အစာချေရည်ပူတွေကြောင့် နေရထိုင်ရတာခက်ပါသည်။ အသက်ရှုလို့လည်း ခက်ပါ သည်။ှ လက်နှင့်စမ်းကြည့်တော့ ဘေးနားမှာ ငါးငယ်အသေတွေ၊ မသေမရှင်တွေကိုစမ်းမိပါတယ်။ ငါးကြီး၏ဗိုက်ထဲမှာ ကြောက်လန့်တကြား အော်ဟစ်ပေမယ့် ဘယ်သူမှမကယ်နိုင်ပါ။ နောက်ဆုံးတော့ ခေါင်းကိုက်လာသည်။ သေရတော့မည်ကိုသိလာသည်။ အစာချေရည်များများလာကာ ပို၍ပူပြင်းလာ သဖြင့် သတိမေ့လုလုမှာ ကျွန်တော်ဝမ်းနည်းကြေကွဲစွာ ငိုပါတယ်။ ဘုရားသခင်ဟု ပြင်းထန်စွာ အော်ဟစ်ပါသည်။ ယောန၀တ္ထုကို သတိရလာပါသည်။ ကျွန်တော်ငိုရင်း ဆုတောင်းရင်းနဲ့ သတိလစ် သွားပါသည်။
သတိရလာသောအခါ သင်္ဘောပေါ်မှာ အဖေါ်များအလယ်မှာ ရောက်နေပါပြီ။
ယောန၀တ္ထု[2:2] မှာ အကျွန်ုပ်သည် ဒုက္ခခံရသောကြောင့် ထာဝရဘုရားကိုဟစ်အော်၍ ကိုယ်တော်သည် ထူးတော်မူ၏ မရဏနိုင်ငံ၏၀မ်းထဲမှ ဟစ်သောအသံကို နားညောင်းတော်မူ၏ ဟုပါရှိပါသည်။ ဘုရားသခင်ကို တကယ့်ရင်းနှီးကြေကွဲသော စိတ်နှလုံးနောင်တနှင့် ဟစ်ခေါ်ပါ ။ သူကျိန်းသေထူးပါမည်ဟု ကျွန်တော်သက်သေခံပါသည်။”
မိတ်ဆွေများနှင့် ကျွန်တော်တို့၏အသက်တာမှာ အပြစ်မှောင်မိုက်များ ၀န်းရံလျှက် ရှုပ်ထွေးမှု များရှိသော်လည်း ဂျိမ်းဘတ်ကလေနှင့် ယောနတို့လောက် အခြေအနေမဆိုးပါ ။ ငါးကြီး၏ဗိုက်ထဲမှ ဆုတောင်းသံကို ကြားနှိင်သော ဘုရားသခင်သည် ယခုသင်ရှိသော အရပ်ဒေသ၊ အခြအနေတွင် သင်၏တောင်းပန်ခြင်းကို နားညောင်းပါလိမ့်မည်။ ဘုရားသခင်အား ယုံကြည်စွာရှာဖွေလျှင် သင့်ကိုဆင်းရဲဒုက္ခမှ ကယ်မဖို့ လက်တံတိုမည်မဟုတ်ပါ။
ဆိုး၏ ခွန်အားကို ဖြည့်စွမ်းသော တရားဟောချက်များ စာအုပ်မှ