JESUS

Monday, September 27, 2010

နေ့ရက်အသစ်တို့၌ အသက်ရှင်ဖို့ရန်

အခြေပြုကျမ်းချက်။ ။နောက်ကျသောအရာတို့ကို မမှတ်ပဲ ရှေ့၌ရှိသောအရာတို့ကို ကမ်းလှမ်း၍ ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သောအရာကို ရခြင်းငှာ ပန်းသုံးတိုင်ကို ငါလိုက်ပြေး၏ ။ > ဖိလိပ္ပိသြ၀ါဒစာ၊ 3:13-14 < ဖတ်ရန်ကျမ်းချက်။ ။ဆာလံ၊ 102: 11-12 နိဒါန်း။ တစ်နှစ်တာကာလတွင် စိတ်လှုပ်ရှားစရာအကောင်းဆုံး အချိန်မှာ ခရစ်စမတ်နှင့် နှစ်သစ်ကူးအချိန်ကလေးများဟု ဆိုနိုင်ပါသည်။ နိုဝင်ဘာလ (၃၀) ရက်နေ့ ညသန်းခေါင်လွန်သည်နှင့် Sweet December ဟု အားရပါးရအော်ဟစ်လိုက်သော လူငယ်တို့၏ နုပျိုသည့်အသံကိုကြားရလိမ့်မည်။ ထိုအချိန်မှစ၍ သုံးဆယ့်တစ်ရက်လုံးလုံး ကျွန်တော်တို့ ပျော်ရွင်စွာအလုပ်များနေကြပါသည်။ ပန်းစည်းကြိုးများ၊ ရောင်စုံပူဖေါင်းများ၊ ဖဲကြိုးလှလှများ၊ ပန်းစက္ကူ၊ ကြယ်၊ မီးအိမ်၊ ခရစ်စမတ်သစ်ပင်၊ ဖရောင်းတိုင်တို့ဖြင့် အိမ်ခန်းများကိုမွန်းမံခဲ့ကြပါသည်။ ဒီဇင်ဘာတစ်လလုံး မြိုင်မြိုင်ဆိုင်ဆိုင် ဝေေ၀ဆာဆာဖြင့်ရှိခဲ့သော အိမ်ခန်းကလေးများစွာသည် တေးဂီတသံ၊ ရယ်မောသံ၊ ဂုဏ်တော်ချီးမွမ်းသံ၊ ကျေးဇူးတော်ရေတွက်သံတို့ဖြင့် သာယာနာပျော်ဖွယ် ရှိခဲ့ကြပါသည်။ ခရစ်စမတ်၏အရှိန်အ၀ါကြောင့် သာမန်အိမ်ခန်းအားလုံးသည် လှပသင့်တယ်ခဲ့ရာမှ (၃၁)ရက်နေ့ ကုန်ဆုံးသောအခါ နောက်တစ်နေ့အတွက် အသက်ရှင်ဖို့ ခရစ်စမတ်၏ ပျော်ရွှင်ခြင်းအိပ်မက်မှ ကျွန်တော်တို့ လန့်နိုးကြရပါသည်။ တကယ်တော့ နှစ်သစ်ကူးနေ့သည် အားလပ်ရက်မဟုတ်ပါ။ ပို၍အလုပ်များသောနေ့ဖြစ်လာပါသည်။ ခရစ်စမတ်အချိန်တွင် ပြင်ဆင်ထားသည့် ရွှေရောင်စက္ကူနှင့် အလှပစ္စည်းအမျိုးမျိုးကိုဖြုတ်ချ၊ သိမ်ဆည်း၊ လွှင့်ပစ်၊ ဖယ်ရှားကြရပါသည်။ ပြီးလျှင် ပင်ကိုယ်အိမ်ခန်းကလေးများ၏ သဘာဝအတိုင်း ရှိရင်းစွဲကန့်လန့်ကာခန်းဆီး၊ ပရိဘောဂများကိုပြန်လည်နေရာချ တပ်ဆင်လိုက်ရပါသည်။ ဇန်န၀ါရီလသည် စင်စစ်နေရောင်တောက်ပ၍ အလင်းရောင်ပြည့်ဝစွာလှသော ကာလဖြစ်ပါလျှက် ပရိဘောဂနှင့် အိမ်ခန်းအခင်းအကျင်းများ၏ အရောင်ကို မွဲခြောက်ခြောက်ဖြစ်နေသလို ခံစားရပါသည်။ ဆွဲဆောင်မှုမှာ ခရစ်စမတ်အရောင်နှင့်မတူ။ ထိုအခါ ကျွန်တော်တို့ စိတ်မောရပါပြီ။ ဟောင်းနေပြီ။ သိပ်ဟောင်းနေပြီဟု ခံစားလာရသဖြင့် သင့်တော်မည့်ပစ္စည်းများ ၀ယ်တန်ဝယ်၊ အစားထိုးတန်ထိုး။ သို့မဟုတ် ပရိဘောဂအဟောင်းကိုပဲ ပေါလစ်လေးဘာလေးတိုက်။ ဖယောင်းပုဆိုးများကိုလည်းဆေးကြော၊ ပန်းအိုးအသစ်ပြင်ဆင် စသည်ဖြင့် “နေ့ရက်အသစ်” များမှာနေထိုင်အသက်ရှင်ဖို့ ပြင်ဆင်ကြရပါသည်။ နှစ်သစ်ကူး၏ ညနေပိုင်းရောက်လျှင်တော့ ဖတ်ဖတ်မောသွားပါသည်။ သို့သော် တစ်နှစ်တာအတွက် ပြင်ဆင်မှု အတော်ကလေးပြီးသွားသောကြောင့် စိတ်ထဲမှာ ကျေနပ်မိပါသည်။ တဆက်တည်းမှာပင် “နေ့သစ်” များအကြောင်းကို စဉ်းစားစရာရှိပါသည်။ တစ်နှစ်ပတ်လုံး အသက်ရှင်ခဲ့ကြပါသည်။ သခင်ဘုရားပို့ဆောင်၍ ရက်ပေါင်း (၃၆၅) ရက် အသက်ရှင်ခွင့်ရခဲ့ပါသည်။ သို့သော် ထိုကာလအတွင်း၌ “ဟောင်းနွမ်းမှု” အများအပြားကို ကျွန်တော်တို့ ကြုံဆုံခဲ့ကြရပါသည်။ ဟောင်းနွမ်းသွားသောအကြောင်းအရာများမှာ နှစ်မျိုးရှိနိုင်ပါသည်။ တစ်မျိုးက ပြန်လည်တမ်းတစရာကောင်းသော Sweet Memory အဖြစ်အပျက်များ ဖြစ်ပါသည်။ နောက်တမျိုးကတော့ အဆင်မပြေခဲ့သော မီးလျှံဟောင်း Old Flame အဖြစ်အပျက်များ ဖြစ်ပါသည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ… နှစ်သစ်ကိုရောက်သောအခါ “လွှင့်ပြစ်ရမည့်” ကိစ္စများရှိပါသည်။ ကျွန်တော်တို့ လွှင့်ပစ်ခဲ့သော ပန်းစက္ကူနှင့် ခရစ်မတ်အပြင်အဆင်တချို့ကို သတိရနိုင်ပါသည်။ ဟောင်းနွမ်းသော ပရိဘေဂများ ပေါလစ်သုတ်သောငြားလည်း တောက်ပလာခြင်းမရှိသော အသုံးအဆောင်များ၊ ကြိုးစား ပြုပြင်သော်လည်း အိမ်ခန်းနှင့်မသင့်တော်တော့သော ပစ္စည်း ပစ္စယများကို လွှတ်ပြစ်လိုက်ရန် များစွာလိုအပ်ပါသည် သို့မှသာ နေ့ရက်အသစ်သို့ဂုဏ်သရေရှိရှိ တိုးဝင်၍ အသက်ရှင်နေထိုင်နိုင်ပါမည် လွှင့်ပစ်ရမည့်အရာများကို မထားရစ်ပဲ တစ်ပါတည်း သယ်ပိုးသွားခြင်းဖြင့် အသက်တာသစ်သည် သန့်စင်မှုမရှိနိုင်ပါ။ နှစ်ဆန်းတစ်ရက်ရောက်လာ၍ လူသစ်စိတ်သစ်ဖြစ်လာမည်ဟု အကြောင်းမဲ့မျှော်လင့်၍ မရပါ။ အမှန်မှာ မနှစ်ကနှင့် ဘာမှမထူးခြားနိုင်ပါ။ ဘုရားသခင်၏ပြုပြင်ပြောင်းလဲခြင်းကို လက်ခံမှသာ လွှင့်ပစ်ရမည့်အရာများကို လွှင့်ပစ်နိုင်မှသာ အကျိုးရှိပါမည်။ ကိုင်း..ကျွန်တော်တို့ ဘာကိုစွန့်ကြဲ လွှင့်ပစ်ရမည်နည်း။ မည်သည့်အရာကိုပြောင်းလဲရမည်နည်း။ ရှင်ယောဟန်ခရစ်ဝင် 8:1-11 ကိုဖတ်ကြည့်သောအခါ ဖြစ်စဉ်တစ်ရပ်ကိုတွေ့ရပါသည်။ ခရစ်တော်နှင့် ဖာရိရှဲများနှင့် မှားယွင်းသော မိန်းမတစ်ယောက်တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော ဇတ်လမ်းသည် အလွန်ပင်ကောင်းသော သင်ခန်းစာဖြစ်ပါသည်။ မှားယွင်းနေသော မိန်းမကို ဖာရိရှဲတို့က ဖမ်းဆီးလျှက် ခရစ်တော်ထံသို့ စီရင်ဖို့ရန် ခေါ်လာပါသည်။ “ အရှင်ဘုရား…. ဤမိန်းမသည် မှားယွင်းခြင်းအမှုကို ပြုစဉ်တွင်ပင် တွေ့မိပါသည်။ ထိုသို့သောမိန်းမကို ကျောက်ခဲနှင့်ပစ်ရမည်ဟု မောရှေကပညတ်ထားခဲ့သည်။ သို့ရာတွင် ကိုယ်တော်က အဘယ်သို့ မိန့်တော်မူမည်နည်း။” ယေရူက…. “ သင်တို့တွင် အပြစ်ကင်းသောသူသည် ရှေးဦးစွာ ကျောက်ခဲနှင့်ပစ်စေ” ထို့နောက်မှာ ဖာရိရှဲ အားလုံးသည် ထိုမိန်းမငယ်ကို ကျောက်ခဲနှင့် မပစ်ပဲ ထွက်ခွာသွားကြပါသည်။ ယေရူတစ်ယောက်တည်းကျန်သောအခါတွင်…. “အချင်းမိန်းမ၊ သင့်ကို အပြစ်တင်သောသူတို့သည် အဘယ်မှာရှိကြသနည်း။ သင်၏အမှုကို အဘယ်သူမှ မစီရင်သလော” “ အဘယ်သူမှ မစီရင်ပါ သခင်” “ ငါသည်လည်း သင်၏အမှုကို မစီရင်။ သွားလော့။ တစ်ဖန် ဒုစရိုက်ကို မပြုနှင့်….” <><><>
ကျွန်တော်တို့၏ လွန်ခဲ့သော တစ်နှစ်လုံးတွင် ထိုမှားယွင်းသော မိန်းမငယ်ကဲ့သို့ပင် အမှားနှင့် မကင်းပါ။ စီရင်မည်ဆိုလျှင် ကျောက်ခဲနှင့်ပစ်ခံရဖို့ (မောရှေ၏ ပညတ်အတိုင်း) သင့်ပါသည်။ သို့သော်လည်း စီရင်ခြင်းမခံရပဲ၊ ယနေ့တိုင် အသက်ရှင်ခွင့်ရနေပါသည်။ သခင်ဘုရား ဖန်ဆင်းသော နေ့သစ်ကိုပင် မြင်တွေ့ရပါသေးသည်။ ခရစ်တော်က ယခုပင်လျှင် ကျွန်တော်တို့အား…
“ငါသည်လည်း သင့်အမှုကို မစီရင်၊ နောက်တစ်ဖန်ဒုစရိုက်မှုကို မပြုနှင့်” ဟု ပြောနေသယောင် ခံစားရပါသည်။
ကျွန်တော်တို့၏လွှင့်ပစ်ရမည့် အရာကတော့ သည်အရာပဲဖြစ်ပါတယ် မိတ်ဆွေ။ ဒုစရိုက်ကိုလွှင့်ပစ်ပြီး၊ နောက်တစ်ဖန်မပြုမိရန် ကြိုးပမ်းရပါမည်။ သို့မှသာ နှစ်သစ်တွင် ဂုဏ်သရေရှိရှိ ထိုက်ထိုက်တန်တန် အသက်ရှင်နေထိုင်ဖို့ လျှော်ကန်ပါသည်။
ရှင်ပေါလုက နောက်ကျသော အရာတို့ကို မမှတ်မိပဲ၊ ရှေ့၌ရှိသော အရာတို့ကို လှမ်းကမ်းရန် သြ၀ါဒစာရေး၍ တိုက်တွန်းထားပါသည်။ သို့အတွက် လွန်ခဲ့သောနှစ်၏ အဟောင်းအနွမ်း၊ အကျိုးအပဲ့ကို လုံးဝမေ့ပစ်ကာ အသစ်ကို ရှာရန်လိုပါသည်။ ဘုရားသခင် ခွင့်လွှတ်ခဲ့သော အပြစ်များကိုလည်းကောင်း၊ ပျက်စီးချို့ယွင်းမှုများကိုလည်းကောင်း ထားခဲ့ပြီး ယခင်ကထက်ပို၍ အသီးသီးနိုင်သော ယုံကြည်သူဖြစ်နိုင်ရန် ကြိုးစားရမည်။ ဆရာကြီး ဂျော့ဘာဂျာ၏ နှစ်သစ်အတွက် ဆုတောင်းချက်ကို လေ့လာကြည့်သောအခါ သူက…….
“ ဘရားသခင်၏ ကျေးဇူးတော်ကို အမှီပြုပြီး ကျွန်ုပ်သည် လွန်ပြီးသော ခြေလှမ်းများကို မေ့ပစ်ပြီး နောက်ကွယ်သို့ရောက်ရန် ဖိအားပေးပါမည်။ ကျွန်ုပ်သည် ဒါဝိတ်မင်းကြီးပြောသကဲ့သို့ ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရသော တောင်ရိုးသို့ ငါမျှော်ကြည့်၏ ” ဟု ဆိုသည့်အတိုင်း မျှော်လင့်လျှက်နေပါမည်။ ယုံကြည်ခြင်းအားကြီးသော အဗြံဟံကဲ့သို့ မှားခြင်းကင်းစွာဖြင့် ဘုရားသခင်စောင့်ထိန်းလမ်းပြခြင်း နောက်သို့လိုက်၍ အသက်ရှင်လျှက်ပင် ကောင်းကင်သို့ ချီပင့်ဆောင်ယူခြင်းကိုပင် ခံယူသော ဧနောက်ကဲ့သို့ နေ့စဉ်နှင့်အမျှ ကောင်းကင်ဘုံရှင် အဖဘုရားသခင်နှင့် မိတ်သဟာယ အတူတကွ လျှောက်သွားခြင်းပြုပါမည်။ မောရှေကဲ့သို့ အပြစ်ဒုစရိုက်တွင် ပျော်မွေ့ခြင်းကိုဖယ်ရှားပြီး ဘေးဒုက္ခ တွေ့ကြုံရသော လမ်းကိုသာ ရွေးချယ်ခြင်း၊ ပရောဖက်ဒံယေလကဲ့သို့ ဆုတောင်းခြင်းဖြင့် ဘုရားသခင်နှင့် ဆက်သွယ်ကာ ပျော်မွေ့နေခြင်း၊ ယောဘကဲ့သို့ မည်သို့သော အခြအနေမျိုးသို့ရောက်ရှိနေကာမူ အဆုံးတိုင်အောင် သည်းခံခြင်း၊ ကာလက်နှင့် ယောရူတို့ကဲ့သို့ မည်သည့်အခါမျှ နောက်ဆုတ်ရန် မရည်ရွယ်ခြင်း၊ သခင်ယေရူ၏ တပည့်တော် အနြေ္ဒကဲ့သို့ မိမိညီအစ်ကိုအား ခရစ်တော်နှင့် နီးကပ်စွာနေနိုင်ရန် ပို့ဆောင်သကဲ့သို့ လည်းကောင်း၊ ရှင်ပေါလု၏ နှုတ်ကပတ်တော်ကို လေ့လာသကဲသို့၊ မာတုရဘွဲ့ကို ပထမဦးဆုံးအကြိမ် ရရှိသော သတေဖန်သည် မိမိအား ခဲနှင့် အသေသတ်ခြင်းကို ရင်ဆိုင်သကဲ့သို့ နေ့သစ်မှာ ဘုရားသခင်အတွက် အသက်တာကိုဆက်ကပ်၍ အသက်ရှင်ရန် ကြိုးစားပါမည်……”
ကျွန်တော်တို့ကော ဘယ်ကဲ့သို့ ဆုတောင်းဖို့ ရည်ရွယ်ပါသနည်း။ နေ့သစ်မှာအသက်မရှင်ခင် နေ့သစ်အတွက်ဆုတောင်းချက် အသစ် ကိုလည်း ပြင်ဆင်ရန်ရှိပါသည်။
ဆုတောင်းချက်အဟောင်းကို ပေါလစ်သုတ်ပြုပြင်မှ တောက်တောက်ပပရှိလာပါမည်။ တစ်ခါတလေမှာမူ လူသား၏ အားနည်းခြင်းကြောင့် နှစ်သစ်အတွက် ရည်မှန်းချက်သည် ခရီးတစ်ဝက်မှာပင် ပျက်စီးသွားတတ်ပါသည်။ သည်အချက်ကိုလည်း သတိပြုရပါမည်။ နှစ်သစ်ကစပြီး အရက်မသောက်တော့ဘူးဟု ဆုံးဖြတ်ထားလျှက် ခုနှစ်ရက်မတိုင်မီ ဖျားယောင်းခြင်းခံရသူ များစွာရှိပါသည်။ ဒီနှစ်တော့ ဘုရားကျောင်းမှန်မှန်တက်မယ်ဟု ရည်ရွယ်ထားပါလျက် အတား အဆီးကို အရှုံးပေးလိုက်ရတာ ရှိတတ်ပါသည်။ မဆိုးဘူး၊ မမိုက်ဘူး ဆိုကာမှ စာတန်က အခွင့်ရေးကို ဖန်တီးသဖြင့် နှစ်သစ်သည် မလွှင့်ပစ်ခဲ့ရသည့် ဒုစရိုက်များနှင့် ညစ်ပတ်သွားရတတ်ပါသည်။ သုတ္တံကျမ်း အခန်းကြီး (၃) ကို နာနာဖတ်ပါမိတ်ဆွေ။
“ ထာဝရဘုရားကို စိတ်နှစ်လုံးအကြွင်းမဲ့ ကိုးစားလော့။
ကိုယ့်ညဏ်ကို အမှီမပြုနှင်။့
သွားလေရာရာ၌ထာဝရဘုရားကို မျက်မှောက်ပြုလော့။
သို့ပြုလျှင် သင်၏လမ်းခရီးကို ပဲ့ပြင်တော်မူမည်။” > သုတ္တံကျမ်း 3:5-7 <
နှစ်သစ်မှာ လျှောက်လှမ်းရမည့် လမ်းခရီးကို ဘုရားသခင် ပဲ့ပြင်ပေးဖို့ ဆုတောင်းကြရန် အလွန်လိုအပ်ပါသည်။
အမေရိကန်နိုင်ငံမှာ ပထမဦးဆုံး အမျိုးသမီးဆရာဝန်ဖြစ်လာသူ အဲလစ်ဇဘက် အကြောင်းကို ပြောလိုပါသည်။ အဲလစ်ဇဘက်သည် နယူးယောက်မြို့ရှိ ဆေးတက္ကသိုလ်သို့တက်ရန် ဆန္ဒပြင်းပြနေသည်။ ၁၉ရာစုတုန်းက ခရီးသွားရာ၌ မြင်းဆွဲရထားများကိုသာ အသုံးပြုရကြပါသည်။ သူတက်လိုသည့်ဆေးကျောင်းသို့ ခရီးပြင်းနှင်ရပါသည်။ သူမသည် ခရီးဆုံးသို့ရောက်လျှင် အတော်ပင် နွမ်းလျှမောပန်းနေခဲ့သည် အိမ်ကိုလည်းမခွဲဖူး၍ လွမ်းကာ စိတ်အားငယ်နေခဲ့ပါသည်။
အခက်ခဲများကြောင့် သူ့စိတ်သည် လှုပ်ရှားနေခဲ့ပါသည်။ သူမသည် ဂရိဘာသာစာပေများကို ပင်ပန်းစွာလေ့လာရသည်။ တစ်ဖက်က စန္ဒယားသင်ပေးရင်း ၀င်ငွေရှာနေသည်။ စာအုပ်အများအပြားကို ငှားရမ်းဖတ်ရှုကာ အခြေခံဆေးပညာဗဟုသုတကို ဖြည့်ဆီးပြီး ၀င်ခွင့်ရရန်ပြင်ဆင်ပြီးကာမှ…..
ဆေးတက္ကသိုလ်က သူမကို မိန်းမလေးဖြစ်သောကြောင့် ၀င်ခွင့်မပေးပဲ ရှိတော့သည်။ ထိုကာလ မိန်းမဆရာဝန်ဖြစ်သူ အလွန်ရှားသည်။ အမျိုးသမီးများကို ဆေးကျောင်းဝင်ခွင့်ပြုရန် ဆရာများက ဆုံးဖြတ်ချက်ကို မပြုကြပါ။
အဲလစ်ဇဘက်ခမျာ ပင်ပန်းဆင်းရဲခြင်းများစွာကို ရင်းနှီးမြှုတ်နှံပြီးကာမှ အချည်းနှီးဖြစ်ရတော့သည်။ သူမသည် စိတ်ပျက်စရာကို ကြုံ သော်လည်း အားမလျှော့ ဒူးထောက်ကာ ဆုတောင်းသည်။
အကြိမ်ကြိမ်ဆုတောင်းကာ ဘုရားသခင်ကို အော်ဟစ်သည်။ စည်းဝေးသောနေ့ရောက်သော် မထင်မှတ်ပဲ ကျောင်းသားတစ်ဦးကထ၍ အမျိုးသမီးဆရာဝန်တစ်ယောက်ဟာ လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။ ဝေဒနာသည် အမျိုးသမီးတချို့ဟာ ဆရာဝန်နဲ့ စကားပြောတဲ့အခါ အမျိုးသမီး ရောဂါတွေမှာ သိပ်ပြီ အသေးစိတ် မပြောချင်ကြဘူး ဟုတင်ပြလျှင် ကျန်သော အခြားကျောင်းသားများက ၀ိုင်းဝန်းထောက်ခံကြပါသည်။ ဆရာများကလည်း ထိုကိစ္စကို ပြန်လည်ဆွေးနွေးရန် သဘောတူကြသည်နှင့် အဲလစ်ဇဘက်၏ ဆရာဝန်သင်တန်းဝင်ခွင့်မှာ မျှော်လင့်ချက်လင်းရောင်သန်းလာခဲ့သည်။ အခက်အခဲအမျိုးမျိုးကြားမှ ဆုတောင်းခြင်းခွန်အားဖြင့် ဆက်လက်တိုက်ပွဲဝင်ခဲ့ရာ………
1849 ခုနှစ်၊ January လ 23 ရက်နေ့တွင် ဆရာဝန်သင်တန်းကို အောင်မြင်ခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုတွင် ပထမဦးဆုံး အမျိုးသမီးဆရာဝန်အဖြစ် သမိုင်းဝင်သွားပါတော့သည်။ သူသက်သေခံသောစကားမှာ…..
“ မိမိသွားရာလမ်းကို ဘရားသခင်အား ဆက်ကပ်အပ်နှံပါ။
ကိုယ်တော်သည် သင်သွားရမည့်လမ်းကို ညွှန်ပြတော်မူလိမ့်မည်”
ချစ်သော မိတ်ဆွေ…..
ကျွန်တော်တို့အတွက် ဘုရားသခင်ပြင်ဆင်ပေးထားသော နေ့ရက်အသစ်များကို မြင်နေရပါပြီ။ ကျွန်တော်တို့ ၀င်ရောက် နေထိုင် အသက်ရှင်ဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။ သို့သော် သခင်ဘုရား၏ လက်ရာ၊ ထိုသန့်ရှင်းလှပသာယာသော နေ့သစ်ကို ဘယ် လိုဝင်ရောက် သွားမည်လဲ။
မကောင်းသောအမှုအရာ၊ ဒုစရိုက်အမှိုက်များကို လွှင့်ပစ်ခဲပြီးမှ ခရီးဆက်ဖို့ရန်လို့ပဲ ရိုးရိုးကလေး တိုက်တွန်းနိုးဆော်လိုက်ပါရစေ…….အာမင်



ဝန်ခံချက်။ ယခုတရားဟောချက်များကို ဖတ်ရှုသူ ယုံကြည်သူသားသမီး ရောက်စီတိုင်းအား
ဝိညာဉ်ခွန်အားတိုးပွားပြီး သမာတရား၌ မွေ့လျှော်နိုင်စေဖို့ရန်အတွက်
ဓမ္မစာရေးဆရာ ဆိုး၏ ခွန်အားကို ဖြည့်စွမ်းသော တရားဟောချက်များ စာအုပ်မှ
ပြန်လည်ကူးယူဖေါ်ပြပေးခြင်းဖြစ်ပါကြောင်း

No comments:

Post a Comment