JESUS

Monday, June 27, 2011

ဘုရားသခင်၌သာ မျှော်လင့်စရာ


အခြေပြုကျမ်းချက်။ ။အို­…ငါ့ဝိညာဉ်၊ သင်သည် အဘယ်ကြောင့် မငြိမ်မ၀ပ်ရှိသနည်း။ ဘုရားသခင်ကို မျှော်လင့်လျှက်နေလော့။ ငါ့ကိုကယ်တင်တော်မူသောအရှင် ငါကိုးကွယ်သောဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောပနာ ပြုရလေအံ့သတည်း။ { ဆာ၊ 42:11 }

ဖတ်ရန်ကျမ်းချက်။ ။{ဟေရှာယ၊ 40:31 }

နိဒါန်း

ဘီစီ {541} ခုနှစ်တွင် ဗာဗုလုန်နိုင်ငံ၏ ရှင်ဘုရင်သည် နဘိုနိဒတ်ဖြစ်လေသည်။ သူ့လက်ထက်တွင် ဣသရေလအမျိုးအနွယ်တို့သည် ဗာဗုလုန်ရန်သူတို့၏ ဖမ်းဆီးချုပ်နှောင်ခြင်းကိုခံနေရသည်။ ယေရူရှလင်ဗိမာန်တော်သည် ဖျက်ဆီးခြင်းခံရ၍ ယေရူရှလင်မြို့ရိုးသည် ကျိုးပျက်လျက်ရှိနေသည်။ ဗာဗုလုန်မြေတွင် ဣသရေလတို့သည် ဆင်းရဲခြင်းကြီးစွာကြုံလျက် အခက်ခဲများနှင့် ရင်ဆိုင်နေရပါသည်။ ထိုအချိန်မှာပင် ဗာဗုလုန်ပြည်ကို ထိပါးလာသောနိုင်ငံရေး အန္တရာယ်တစ်ခုက ပေါ်လာပြန်သည်။ မြောက်ဘက်ပါရှန်းနိုင်ငံမှ ကုရုမင်းသည် တန်ခိုးအင်အားကြီးထွားလာသဖြင့် ဗာဗုလုန်နိုင်ငံ၏ အချုပ်အချာအာဏာကို ထိပါးလာသည်။ ဗာဗုလုန်နိုင်ငံနှင့် ပါရှန်းနိုင်ငံတို့ စစ်ဖြစ်မည့်အရိပ်အယောင် ယှက်သန်းလာသောအခါ ဗာဗုလုန်နိုင်ငံသားများနှင့် ဗာဗုလုန်နိုင်ငံရောက်သုံ့ပန်းများဖြစ်သော ဣသရေလတို့သည် များစွာစိုးရိမ်ပူပန်နေကြပါသည်။ မငြိမ်မသက်သော အခြေအနေကြောင့် စီးပွားရေးမလုပ်နိုင်။ ဆူပူသောင်းကျန်းမှု၊ သူခိုးဓားပြများ၏ အန္တရာယ်များပြားနေသော ကာလဖြစ်ရာ အသက်သည် ဖက်ပေါ်မှရေစက်လေများနှယ် လုံခြုံမှုကင်းမဲ့နေဆဲ ဒေသဖြစ်နေပါသည်။

ဗာဗုလုန်ရှင်ဘုရင် နဘိုနိဒါတ်သည်ပင် စိတ်ပူပန်၍ နှစ်သစ်ကူးပွဲတစ်ခုကို ပြုလုပ်ကာ သူတို့၏ တန်ခိုးအကြီးဆုံး ဘုရားဖြစ်သော မာဒုတ်ဘုရားကို ပူဇော်ကြလေသည်။ ဗာဗုလုန်နိုင်ငံ၏ ဖန်ဆင်းခြင်းပုံပြင် [Creation Story] တွင်မာဒုတ်နှင့် တင်ကူး ဟူ၍ဘုရားနှစ်ဆူရှိခဲ့သည်။ ထိုဘုရားနှစ်ဆူစစ်ဖြစ်သောအခါ တင်ကူးဘုရားစစ်ရှုံး၍ မာဒုတ်ဘုရား စစ်နိုင်လေသည်။ သေသွားသော တင်ကူးဘုရားကို မာဒုတ်ဘုရားက နှစ်ပိုင်းဖြတ်၍ အပေါ်ပိုင်းကို မိုးကောင်းကင်အဖြစ်၊ အောက်ပိုင်းကို မြေပြင်အဖြစ် ဖန်ဆင်းခဲ့သည်ဟု ယုံကြည်ကာ မာဒုတ်ဘုရားသည် ဗာဗုလုန်ဘုရားများအနက် တန်ခိုးအကြီးဆုံးဟု သတ်မှတ်ခဲ့ကြပါသည်။

နှစ်သစ်ကူးပွဲတော်တွင် ဗာဗုလုန်တို့သည် မာဒုတ်ဘုရားထံ၌ မိမိတို့၏ အနာဂတ်ကို မေးမြန်းစစ်ဆေးကြသည်။ ဗေဒင်လက္ခဏာကိုမေး၍ အနာဂတ်မျှော်လင့်ချက်ကို ရှာဖွေကြပါသည်။

အနာဂတ်အရေးကို မေးမြန်းကြရာတွင် ဗာဗုလုန်လူမျိုးများသာမက ဣသရေလ လူမျိုးတို့သည်လည်း ပါဝင်လေရာ ထိုအချိန်၌ ပေါ်ပေါက်လာသော ဘုရားသခင်၏ပရောဖက် ဟေရှာယသည် ပြင်းထန်သော ပရောဖက်စကားများဖြင့် ဗာဗုလုန်နှင့် ဣသရေလလူမျိုးတို့အား ပြစ်တင်ရှုံ့ချခဲ့လေသည်။ ဟေရှာယက​​­-

လူပျိုတို့သည် မော၍ပင်ပန်ခြင်းသို့ ရောက်ကြလိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍လဲကြလိမ့်မည်။ထာဝရဘုရားကိုမျှော်လင့်သောသူတို့မူကား

အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိအတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်းမပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ

{ဟေရှာယအနာဂတ္တိကျမ်း 40:30-31}

၁။ မျော်လင့်စရာ ကုန်ဆုံးသောအခါ သခင်ဘုရားကိုသတိရပါ။

မျှော်လင့်ချက် မရှိတော့ဘူးဟု ပြောဆိုသောအသံကို ကြားရတိုင်း ရင်ထဲမှာ လှစ်ခနဲ မြက်ခနဲ ခံစားဖူးကြမှာဖြစ်ပါသည်။ ကျွန်တော်၏မိခင် ရောဂါသည်းစဉ်ကတစ်ကြိမ်၊ ကျွန်တော်၏ဖခင် နာရီပေါင်းများစွာ သတိလစ်နေစဉ်ကတစ်ကြိမ် ဆေးပညာရှင်များက သက်ပြင်းကိုရှိုက်လျှက် ပြောရမှာ စိတ်မကောင်းပါဘူးဗျာ၊ စိတ်ခိုင်ခိုင်ထားပြီးနားထောင်၊ မျှော်လင့်ချက်တော့မရှိသလောက်ပဲဟု ပြောကြပါသည်။ ကျွန်တော်အတော်ကလေး ကြိုးစား၍ မတ်တတ်ရပ်ရပါသည်။ အလိုတော်ပဲ၊ အလိုတော်ပဲ၊ ဘုရားသခင် ကျွန်တော် ကျေနပ်ပါတယ်ဟု ၀န်ခံစကားကို ထစ်ထစ်ငေါ့ငေါ့ပြောရင်း ပင်ပန်းနွမ်းနယ်သွားခဲ့ဖူး ပါသည်။ ပညာရှင်အများက လူသည်အစာမစားပဲ အရက် (၄၀) နေနိုင်ပါသည်။ ရေမသောက်ပဲ (၃) ရက်နေနိုင်ပါသည်။ လေမရူရှိုက်ပဲနှင့် (၈) မိနစ်နေနိုင်ပါသည်။ မသေပါ။ သိုသော်လည်း မျှော်လင့်ခြင်း မရှိသော် (၁)စက္ကန့်ပဲ အသက်ရှင်နေနိုင်သည် ဟု ပြောကြပါသည်။ လူ့ဘ၀တွင် မျှော်လင့်ခြင်းသည် ဤမျှအရေးကြီးပါသည်။ သို့သော်လည်း လူ့ဘ၀တွင် အထူးထူးအပြားပြားသော ကြုံတွေ့စရာ များပြားလှပါသည်။ အကြောင်းအကျိုး၊ အကောင်းအဆိုး အမျိုးမျိုးရှိပါသည်။ တစ်ခါတစ်ရံတွင် မျှော်လင့်သမျှ ပြည့်စုံ၍ တစ်ခါတစ်ရံ မျှော်လင့်ခြင်းသည် သဲထဲရေသွန်သလို ပျက်စီးဆုံးရှုံ့းရပါသည်။ ထိုအခါများတွင်ယူကြုံးမရ၊ အပူလုံးကြွလျှက် ဆောက်တည်ရာမရ ဖြစ်ကြရပါသည်။

ကျွန်တော်တို့၏ ဘ၀ရည်ရွယ်ချက် ပျက်စီးလျှက် မျှော်လင့်ချက် ကင်းမဲ့သော အခါ သေချင်စိတ်ပဲ ရှိနေတတ်ပါသည်။

ကျွန်တော်တို့၏ ချစ်ခြင်းမေတ္တာများအတွက် မျှော်လင့်ချက်ကင်းမဲ့သောအခါ ၀မ်းနည်း၍ အဆိပ်သောက်ချင်တတ်ပါသည်။

ကျွန်တော်တို့၏ အချစ်ဆုံးချစ်သူများ ခွဲခွာရ၍ ပြန်တွေ့ဆုံဖို့မျှော်လင့်ချက် မရှိတော့သောအခါ ကြေကွဲ၍ လောကထဲမှ ဖြစ်ချင်ရဖြစ် လေလွင့်နေချင်တတ်ပါသည်။ ကျွန်တော်တို့၏ကျမ်းမာရေး ညံ့ဖျင်းကာ ပြန်လည်ကောင်းလာဖို့ မျှော်လင့်ချက်မရှိတော့ သောအခါ ကျိုးပဲ့သောနှလုံးအိမ်ဖြင့် အိပ်ဆေးများကိုပဲ အလွန်အကျွံသောက်ချင်မိပါ သည်။ ကျွန်တော်တို့၏ရန်သူများဝန်းရံလျက် ဖိစီးနှိပ်စက်ရာမှ လွတ်မြောက်အောင် ဖောက်ထွက်နိုင်ဖို့ လမ်းစမရှိ။ မျှော်လင့်ချက်ကင်းမဲ့သောအခါမှာ ကိုယ့်ပါးစပ်ထဲသို့ ပစ္စတိုသေနတ်ကို ထိုးထည့်မောင်းဖြုတ်လိုက်ချင်မိပါသည်။

အံကိုကြိတ်လျက် ခုံကိုထိုးချေလျက် မျက်ရည်သို့ယိုစီးလျက် ရှိခြင်းသည် မျှော်လင့်ချက်တို့ပျက်စီးခြင်း၏ အမှတ်အသားများဖြစ်ပါသည်။ လူတိုင်းတို့အတွက် တစ်ကြိမ်မဟုတ်တစ်ကြိမ် မကြုံမနေရ ကြုံရမည့်ကိစ္စဖြစ်၍ တကယ်တော့စဉ်းစားကြည့်လျှင် ထူးဆန်းသော လောကပရိယယ်တစ်ခုတော့မဟုတ်ပါ

သည်လိုအဖြစ်မျိုးကို ကြုံရလျှင် အောင်နိုင်စွာဖြတ်သန်းဖို့ ဂါထာတစ်ခုရှိပါသည်။ အဆက်မပြတ်ရွတ်ဖတ်ကြည့်ပါ။ သင် ဆောက်တည်ရာရလာပါလိမ့်မည်။

“ထာဝရဘုရားသည် ငါခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါကိုးစားသော ဘုရားသခင် ဖြစ်တော်မူသည်” {ဆာလံ 91:2}

၂။ မျှော်လင့်ချက်အသစ်ကို ဘုရားသခင်ပေးနိုင်ပါသည်။

သမာကျမ်းစာတွင် ဂတိတော်ပေါင်း နှစ်သောင်းကျော်ရှိသည်ဟု ကိုရီးယားမှ ကမ္ဘာ့ အကြီးဆုံးအသင်းတော်၏ သင်းအုပ်ဆရာ ဒေါက်တာပေါလ်ဝိုင်က ပြောပြပါသည်။ သူက “`ဤကတိတော်များကို စွဲကိုင်၍အသက်ရှင်ခြင်းအားဖြင့် အသက်တာတွင် ဘာမျှအားငယ်စရာမရှိ။ ၀မ်းနည်းစရာလည်းမလို။ သမ္မာကျမ်းစာတွင် ဘုရားသခင်သည် သူ့သားသမီးတို့အား ရွှင်လန်းအောင်မြင်စွာ ဘ၀ခရီးဖြတ်သန်းသွားဖို့ မျှော်လင့်ချက်များပေးနေပါသည် ” ဟုဆိုပါသည်။

{ မြည်3:26 } မျှော်လင့်လျက် ငြိမ်သက်စွာ စောင့်၍နေကောင်း၏ဟု ဆိုပြန်ပါသည်။

ဘုရားသခင်သည် လူတို့၏မျှော်လင့်ချက်ကို ပေးနိုင်သော အရှင်ဖြစ်ပါသည်။ ဘုရားသခင်ပေးသော မျှော်လင့်ခြင်းကား ကျွန်တော်တို့ မျှော်လင့်ခြင်းနှင့် ပို၍ ကောင်းမွန်မြင့်မြတ်သည်ကို မြင်တွေ့ရသောအခါ အံ့သြဖွယ်ဖြစ်သည်ကို တွေ့ရပါသည်။ လူသားတစ်ယောက်အနေနှင့် မိမိအနာဂတ်ကိုတည်ဆောက်ရန် ထားသော မျှော်လင့်ခြင်းနှင့် ဘုရားသခင်ပေးသော မျှော်လင့်ခြင်း ကွာခြားမှုကို သာဓကပြပါမည်။

{1809} ခုနှစ်ဖေဖေါ်ဝါရီလ {12} ရက်တွင် ကမ္ဘာပေါ်၌ ကလေးငယ်နှစ်ဦး တစ်ချိန်တည်း မွေးဖွားခဲ့ပါသည်။ တစ်ဦးက အင်္ဂလန်နိုင်ငံတွင် မွေးဖွားသော သူဌေးကလေး ချားလ်ဒါဝင် [Charles Darwin] ဖြစ်ပြီး တစ်ဦးကတော့ အမေရိကန်နိုင်ငံ အညတြမိဘများမှ မွေးဖွားလာသော အာဗြဟံလင်ကွန်း [Abraham Lincoln] တို့ဖြစ်ကြပါသည်။ ဒါဝင်သည် လူ့ဘ၀တွင် မျှော်လင့်ချက်ကြီးသော မိဘများမှ ဆင်းသက်လာသူ ဖြစ်သည့်အတိုင်း ကင်းဗရစ်တက္ကသိုလ်မှဘွဲရခဲ့ပြီး နောက် သတ္တဗေဒပညာရပ်များတွင် ထူးချွန်ခဲ့သူဖြစ်ပါသည်။ ဂုဏ်သရေရှိ ကညာတတ်လူကုံထံ ဖြစ်လာကာ ဗြိတိသျှတောင် ပိုင်း ပယ်လယ်လေ့လာရေးအဖွဲ့တွင် လိုက်ပါ၍ အမေရိကတိုက် နယူဇီလန်ကျွန်း စသည်တို့အထိ ကမ္ဘာနှံ့ခဲ့ပါသည်။

{1859}ခုနှစ်တွင် ဒါဝင်သည် သက်ရှိတို့၏မူလအစ စပီးရှီး စာအုပ်ကို {Species}ရေးခဲ့ပါသည်။ နောက်လူသည် မျောက်မှဆင်းသက်လာသည့်အဆိုကို တင်ပြ၍ သတ္တ၀ါတို့၏ ဆင့်ကဲဖြစ်စဉ် အယူအဆ{Evolution Theory} ကို ဖော်ထုတ်လာသောအခါ ကမ္ဘာပညာရေးလောက၌ ထိတ်လန့်တကြားဖြစ်ပွားခဲ့ပါသည်။ ဒါဝင်သည်သူ့မျှော်လင့်ချက်အတိုင်း ဘ၀ကို စနစ်တကျတည်ဆောက်ပြီး အောင်မြင်မှု အများအပြားကိုရရှိခဲ့ပါသည်။ ဖန်ဆင်းရှင် ဘုရားသခင်မရှိဟု ယုံကြည်ကာ လူတို့၏ပဓာနစွမ်းရည်ကို ကိုးစားခဲ့သူဖြစ်၍ အသက်တာ၏ နှောင်းပိုင်းတွင် ကျေနပ်နှစ်သိမ့်ခြင်း မရရှိခဲ့ပါ။ မျှော်လင့်ခြင်းသည် အဆုံးမတတ်နိုင်။ ပညာတတ်ဖြစ်သော်လည်း ပညာကုန်မလေ့လာနိုင်ခဲ့ပါ။ သူ၏ {Evolution Theory} သည် လေ့လာစရာကောင်းသော်လည်း နှောင်းလူတို့အတွက် အငြင်းပွားစရာဖြစ်သည် မှလွဲ၍ ဆက်လက်ထောက်ခံတင်ပြခြင်း၊ ဆွေနွေးဖော်ဆောင်ခြင်း မဖြစ်လာပဲ မှတ်တမ်း တစ်ခုအဖြစ်သာ ပညာရပ်ဆိုင်ရာနယ်ပယ်၌ ကျန်ရစ်ခဲ့ပါသည်။

အဗြဟံလင်ကွန်းမူကား တစ်နှစ်သာ ကျောင်းနေဖူးသည်။ သူ့အိမ်မှ မိုင်(၂၀) အတွင်း၌သာ ခရီးသွားဖူးသည်။ ဆိုင်တစ်ဆိုင်တွင် အရောင်စရေးလုပ်ရင်း ညဖက်တွင် ကျပန်းစာဖတ်သည်။ ဥပဒေနှင့် အခြားစာပေများကို လေ့လာခဲ့သည်။ သူသည် မျှော်လင့်ချက်ကို များများမထား။ ဘာလုပ်ချင်သလည်းဟုမေးတိုင်း ဘုရားသခင် လက်ထဲမှာပဲဟုဖြေတတ်သည်။

ဒါဝင်က {Evolution Theory} နှင့် နာမည်ကြီးလာချိန်၌ လင်ကွန်းက အမေရိကန်ပြည်၏ သမတ္တဖြစ်လာသည်။ ပြည်တွင်းစစ်လည်းဖြစ်နေသည်။ နိုင်ငံရေးရှုပ်ထွေးမှုများကို ဖြေရှင်းရာ၌ လင်ကွန်းသည် ညစဉ်ကျမ်းစာဖတ်ပြီးလျှင် ဒူးထောက်ဆုတောင်းလေ့ရှိသည်။ အမေရိကန်ပြည်ရှိ ကျွန်စနစ်ကိုဖျက်သိမ်းခဲ့သည်။ အမေရိကန်ပြည်ထောင်စု၏ ဥပဒေနှင့် ငွေစက္ကူပေါ်တွင် “ဘုရားသခင်ကို ငါတို့ကိုးစားသည်” ဟူသည့် ဆောင်ပုဒ်ကို ရေးထားခဲ့သည်။ လင်ကွန်းသည် ဘုရားသခင်ကပေးသည့် မျှော်လင့်ချက်ဖြင့် အသက်ရှင် နေထိုင်သွားကာ နှောင်းလူတို့အတွက် များပြားစွာ အကျိုးပြုခဲ့သူ ဖြစ်သည်ဟု မှတ်တမ်းဝင်၍ နယ်ပယ်အသီးသီးမှ ယခုထက်တိုင် သြဇာသက်ရောက်ဆဲ ရှိပါသည်။

သူတို့နှစ်ဦးကို နှိုင်းယှဉ်ကြည့်ပါ။ ဒါဝင်နှင့် လင်ကွန်းသည် ရက်တူ နှစ်တူတွင် မွေးဖွားခဲ့သည်။ တစ်ဦးက ဘုရားကိုမယုံကြည်၊ မိမိကိုယ်ပိုင်မျှော်လင့်ချက်ဖြင့် အသက်ရှင်နေထိုင် ကြိုးပမ်းအားထုတ်သွားခဲ့သည်။ ပင်ကိုကလည်း သူဌေးသူကြွယ်သားဖြစ်၍ စွမ်းဆောင်နိုင်ရန် အခြေအနေက ပေးခဲ့သည်။ ဘုရားသခင်နေရာကိုပယ်ဖျက်၍ {Evolution Theory} ဖြင့် အစားထိုးရန်ကြိုးစားခဲ့သည်။ တစ်ဦးကတော့ ဘုရားသခင်သည်သာ မျှော်လင့်စရာဟု နားလည်၍ကိုးစားသည်။ မိမိ၏မျှော်လင့်ချက်အားလုံးကို ဘုရားသခင်၏လက်ထဲမှာ ထည့်ထားလိုက်သည်။ ဘုရားသခင်ကလည်း သူ့ကိုမျှော်လင့်ချက် အသစ်ကိုပေးကာ အညတြဘ၀မှ ကမ္ဘာပေါ်တွင် သြဇာအရှိဆုံး သမတ္တမင်း ဖြစ်ခွင့်ပေးခဲ့သည်။

ဤလူနှစ်ယောက်တွင် အဘယ်သူ၏ မျှော်လင့်ချက်သည် ပို၍တန်ဖိုးကြီးမား ပါသနည်း။ ကျွန်တော်တို့သည် ထိုသူနှစ်ယောက်အနက် တစ်ယောက်၏လမ်းကို လိုက်ရမည်ဖြစ်၍ အဘယ်သူ့နောက်ကိုလိုက်မည်နည်း ?။

၃။ ခရစ်ယာန်များအတွက်မျှော်လင့်ချက်။

အကောင်းဆုံးကိုမျှော်လင့်လျှက် အဆိုးဆုံးအတွက် ပြင်ဆင်ထားပါဟူသော စကားပုံရှိခဲ့ဖူးပါသည်။ ဤကဲ့သို့သော နီတိစကားများသည် ခွန်အားကိုပေးနိုင်ပါသည်။ သမ္မာကျမ်းစာလာ စကားများမှာမူကား ဤနီတိစကား၊ လူတို့၏ အနှစ်ချုပ်မိန့်ခွန်းထက် သာ၍ အင်အားကြီးမားသည့်အလျှောက် များစွာတန်ဖိုးရှိလေသည်။ ဆာလံဆရာက အိုငါ့ဝိညာဉ်၊ သင်သည် အဘယ်ကြောင့် မငြိမ်မ၀ပ်ရှိသနည်း။ ဘုရားသခင်ကိုမျှော်လင့် လျှက်နေလော့ဟု မိမိကိုယ်ကို ဆုံးမသည့်နည်းတူ ယနေ့ကျွန်တော်တို့ကိုလည်း အားပါးတရသွန်သင် နေပါသည်။ ဘုရားသခင်၌ အဘယ်ကြောင့်မျှော်လင့်စရတာရှိပါသ နည်း။

(1)ဤလောကသို့ ခရစ်တော်ကြွလာခဲ့သဖြင့် ယုံကြည်သူအားလုံးတို့အတွက် မျှော်လင့် ခြင်းရှိကြပြီ။

(2)ကားတိုင်ပေါ်တွင် ခရစ်တော် အသေခံခဲ့သဖြင့် ယုံကြည်သူအားလုံးအတွက် မျှော်လင့်ခြင်းကို တွေ့ကြရပါပြီ

(3)သုံးရက်မြောက်သောနေ့တွင် ခရစ်တော်ရှင်ပြန်ထမြောက်ခဲ့သဖြင့် ယုံကြည်သူအားလုံးအတွက် မျှော်လင့်ခြင်းကို ရရှိကြပါပြီ။

(4)ခရစ်တော်သည် အထက်ကောင်းကင် အဖအိမ်တွင် အခန်းများပြင်ဆင်ထားသဖြင့် ယုံကြည်သူအားလုံးအတွက် တမလွန်စိတ်ချရမှုကိုပင်လျှင် ပိုင်ဆိုင်ကြရပါပြီ။

(5)ခရစ်တော်သည် တစ်ဖန်ကြွလာဦးမည် ဖြစ်သောကြောင့် အောင်မြင်ခြင်း တံပိုမှုတ်သံကို ယုံကြည်သူအားလုံး ကြားရဖို့ မျှော်လင့်ခြင်းရှိပါသည်။

အမှန်တွင် ဆလံဆရာ၏ စကားကဲ့သို့ပင် ပြောဆိုရန် အကြောင်းရှိပါသည်။

“ငါ့ကိုကယ်တင်တော်မူသောအရှင် ငါကိုးကွယ်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းထောပနာ ပြုရလေအံ့သတည်း”

ဆိုး၏ ခွန်အားကိုဖြည့်စွမ်းသောတရားဟောချက်များစာအုပ်မှ

No comments:

Post a Comment