JESUS

Friday, March 11, 2011

Billy Graham






Billy Graham နှင့်သားအား သမ္မတ အိုဘားမားမှသွားရောက်တွေ့ဆုံခဲ့စဉ်


အမေရိကန်နိုင်ငံသား ဘီလီဂရေဟမ်သည် ကမ္ဘာ့သမိုင်းတွင်ခရစ်ယာန်တို့၏ ယုံကြည်ခြင်းကို လူအများဆုံးတို့ထံသို့ဟောပြောသူ၊ ကြားသိလက်ခံစေသူ အဖြစ် အသိအမှတ်ပြုခြင်း ခံရသူဖြစ်သည်။ သူ၏ Billy Graham Evangelistic Association (BGEA) မှထုတ်ပြန်သည့် စာရင်းဇယားအရ နိုင်ငံပေါင်း ၁၈၅ နိုင်ငံမှ လူသန်းပေါင်း ၂၁၅ သန်းခန့်သည် သူ၏ Ministry နှင့်ထိတွေ့ကာ ၀ိညာဉ်ခွန်အား ရယူနေကြသည်ဟု ဆိုသည်။ သူ၏အသက်တာတွင် ထောင်နှင့်ချီသော လူတို့အား သခင်ယေရှုကို မိမိ၏ကယ်တင်ပိုင်ရှင်အရှင်သခင်အဖြစ် လက်ခံယုံကြည်စေရန် ဘုရားသခင်က အသုံးပြုခြင်းခံရသည်။

သူသည် ၁၉၁၈ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ရှားလော့ မြို့၏လယ်ယာတစ်ခု၌မွေးဖွါးပြီး Wikipedia online Encyclopedia တွင်ဖော်ပြချက် အရ သမ္မတ ထရူးမင်းမှစ၍ လက်ရှိအမေရိကန်သမ္မတ အိုဘားမားအထိ အမေရိကန် သမ္မတပေါင်း (၁၂) ဦး၏ ၀ိညာဉ်ရေးအကြံပေးပုဂ္ဂိုလ်ဖြစ်သည်။ (Washington Post, Time Magazine ) Time Magazine တွင်ဖော်ပြချက်အရ သမ္မတ အိုဘားမားသည် Billy Graham ထံ သွားရောက်တွေ့ဆုံလည်ပတ်သော ပထမဦးဆုံးသော အမေရိကန်သမ္မတဖြစ်သည်။ Gallup’s list of admired people တွင် ၂၀ ရာစုလူသားတို့၏ ကြည်ညိုလေးစား ခြင်း အခံရဆုံး ပုဂ္ဂိုလ် (၁၈) ဦးတွင် (၇) ယောက်မြောက်ဖြစ်ပြီး ၁၉၉၃ ခုနှစ်အထိ လူ ၂.၅ သန်းသည် သူဟောသည့် တရားဟောစင် ရှေ့သို့လာရောက်၍ မိမိကိုယ်ကို ယေရှုခရစ်သည် မိမိ၏ကယ်တင်ပိုင်ရှင် သခင်ဖြစ်ကြောင်းကြော်ငြာ၍ ဆက်ကပ်အပ်နှံခဲ့ကြသည်။

တရုတ်နိုင်ငံတွင် သာသနာပြုလုပ်လျှက်ရှိသည့် ဆရာဝန်လည်းဖြစ်သော မီရှင်နရီ တစ်ဦး၏ သမီးဖြစ်သူ Ruth McCue Bell နှင့် ၁၉၄၃ ခုနှစ်တွင်လက်ထပ်သည်။ သူတို့တွင်သမီးသုံးယောက် နှင့် သား နှစ်ယောက် ထွန်းကားသည်။ သူ၏သားတစ်ယောက် ဖြစ်သူ Franklin Graham သည် ဖခင်၏ Billy Graham Evangelistic Association ကို ဆက်လက်ဦးဆောင်သည်။ မြေး ၁၉ ဦးရှိပြီး မြစ် အမြောက်အများကိုလည်းဘုရားသခင်က ပေးထားသည်။ အသက်အရွယ်ရလာပြီဖြစ်သဖြင့် မြောက်ကယ်ရိုလိုင်းနားပြည်နယ်၏ တောင်ပေါ်အိမ်ကလေးတွင် အေးအေးဆေးဆေးအနားယူနေထိုင်လျက်ရှိသည်။ သူ၏ချစ်လှစွာသော ဇနီးသည် အသက် (၈၇) နှစ်အရွယ်၊ ၂၀၀၇ ခုနှစ် ဂျွန်လ (၁၄) ရက်နေ့တွင်ခေါ်တော်မူခြင်း ခံခဲ့ရသည်။

ပညာရေးနှင့် အမှုတော်ဆောင်ခြင်း

သူ၏အသက် (၁၆) နှစ်အရွယ်၊ ၁၉၃၄ ခုနှစ်တွင် Mordecai Ham ဆိုသူဦးဆောင်သော နိုးကြားရေးဝတ်ပြုအစည်းအဝေး တစ်ခုတွင် သူ့ကိုယ်သူဘုရားသခင်၏ လက်တော်သို့အကြွင်းမဲ့ ဆက်ကပ်အပ်နှံခဲ့သည်။ ယနေ့ Trinity College ဟုနာမည်ပြောင်းထားသော Florida Bible Institute မှဘွဲ့ရခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် Southern Baptist Convention ၏ လက်တင်မင်္ဂလာ (Ordination) ပေးခြင်းခံရသည်။ ၁၉၄၃ ခုနှစ်တွင် Wheaton College မှနောက်ထပ်ဘွဲ့ရရှိခဲ့ပြီး အီလီနွိုက်ပြည်နယ် Western Springs ရှိ First Baptist Church တွင်အမှုတော်ဆောင်သည်။ ထိုနောက် Youth for Christ အဖွဲ့ထဲသို့ဝင်ရောက် အမှုတော်ဆောင်ခဲ့သည်။
ဒုတိယကမ္ဘာစစ်ပြီးကာစ အချိန်များတွင် သူသည် အမေရိကန်နိုင်ငံသာမက ဥရောပနိုင်ငံ များသို့ပါသွားရောက်၍ တရားဒေသနာများကိုဝေငှသဖြင့် တက်သစ်စဧ၀ံဂေလိ တရားဟောဆရာကလေး အဖြစ်ဖြစ် လူသိများလာသည်။ ၁၉၄၉ ခုနှစ်တွင် လော့စ်အိန်ဂျယ်လိစ် တွင်ပြုလုပ်သော သူ၏တရားဟောပြောပွဲကြောင့် သူ့ကို တစ်ကမ္ဘာ လုံးမှ ဂရုစိုက်စရာဖြစ်လာက အသိအမှတ်ပြုခြင်းကိုခံရသည်။
၁၉၅၀ ခုနှစ်တွင် သူ၏ Billy Graham Evangelistic Association (BGEA) ကို မင်နီယာပိုးလိစ် ပြည်နယ် မင်နီစိုးတား မြို့တွင် တည်ထောင်ပြီး ၂၀၀၃ ခုနှစ်တွင် မြောက်ကယ်ရိုလိုင်းနားပြည်နယ် ရှားလော့ မြို့သို့ပြောင်းရွှေ့သည်။ ထိုအမှုတော်တွင် အောက်ပါတို့ကို လုပ်ဆောင်သည်။

· အပတ်စဉ် “Hour of decision” ရေဒီယိုအစီအစဉ်။

· ခြောက်နှစ်တစ်ကြိမ်ပြုလုပ်၍ ရုပ်သံအစီအစဉ်နှင့် လွှင့်သောအထူးခရူးဆိတ် တရားဟောပြောပွဲ။

· နိုင်ငံတကာသို့ဖြန့်ဝေသော “My Answer” ကော်လံ သတင်း (newspaper column)။

· “Decision” မဂ္ဂဇင်း၊ BGEA ၏ ပုံမှန်ထုတ်ဝေသောမဂ္ဂဇင်း။

· ဧ၀ံဂေလိနှင့်ဆိုင်သော ရုပ်ရှင် တိုထွါများ။

ယနေ့ အသက် ၉၀ ကျော်ပြီဖြစ်သော Billy Graham နှင့် သူ၏ Ministry ကို တကမ္ဘာလုံးမှ သိရှိပြီး၊ ခရစ်ယာန်ဘာသာဝင်မဟုတ်သူများကပင် ကြည်ညိုလေးစားချစ်ခင်ရသော ပုဂ္ဂိုလ် ကြီးတစ်ဦးဖြစ်သည်။ သူရေးသားသော စာအုပ်ပေါင်း (၂၆) ခန့်ရှိကာ ဘာသာပေါင်း မြောက်များစွာတို့သို့ ဘာသာပြန်ဆိုခြင်း ခံရသည်။ အောက်ပါစာအုပ်တို့သည် နာမည်ကျော် လူကြိုက်များသည်။

  • The Journey (2006)
  • Hope for Each Day (2002)
  • Just As I Am (Autobiography - 1997)
  • Storm Warning (1992)
  • Hope for the Troubled Heart (1991)
  • Facing Death and the Life After (1987
  • Approaching Hoofbeats: The Four Horsemen of the Apocalypse (1983)
  • Till Armageddon (1981)
  • The Holy Spirit (1978)
  • How to Be Born Again (1977)
  • Angels: God's Secret Agents (1975)
  • The Jesus Generation (1971)

အောက်ပါဂုဏ်ထူးဆောင်ဘွဲ့များကိုလည်းချီးမြှင့်ခြင်းခံရသည်။

  • The Congressional Gold Medal.
  • The Templeton Foundation Prize for Progress in Religion.
  • The Ronald Reagan Presidential Foundation Freedom Award.
  • The Big Brother of the Year Award.
  • Cited by George Washington Carver Memorial Institute for contributions to race relations.
  • Recognized by Anti-Defamation League of B'nai B'rith and National Conference of Christians and Jews for efforts to foster better understanding among faiths.
  • Inducted into the Gospel Music Hall of Fame in 1999.

ဆရာကြီးပါဝင်ခဲ့သည့်အောက်ပါ အဖြစ်အပျက်များကိုလည်း သမိုင်းတွင်မှတ်တမ်းတင် ထားပါသည်။

  • 9/11 အကြမ်းဖက်တိုက်ခိုက်ခံခြင်းအတွက်ပြုလုပ်သော နိုင်ငံတော်ဝတ်ပြုအစည်းအဝေး၊ (September 14, 2001)
  • December 2001 တွင် (KBE) honorary knighthood သူရဲကောင်းဘွဲ့ချီး မြှင့်ခံရခြင်း။
  • ၁၉၇၃ ခုနှစ်တွင် သမ္မတ Lyndon Johnson ၏ဈာပနအခန်းအနားကိုဦးဆောင်ခြင်း။
  • ၁၉၉၄ ခုနှစ်တွင် သမ္မတ Richart Nixon ၏ ဈာပနအခန်းအနားတွင် မိန့်ခွန်းပြောကြားခြင်း
  • ၂၀၀၄ ခုနှစ်တွင် သမ္မတ Ronald Reagan ၏ဈာပနအခန်းအနားတွင် လည်းဦးဆောင်ရန်ဖြစ်သော်လည်း ကျန်းမာရေးအခြေအနေကြောင့် မပါဝင်နိုင်ခဲ့ပါ။


နာမတော်မြတ်၌



သောင်းနိုး


မှတ်ချက်။ အောက်ဖော်ပြပါ ၀က်ဘ်ဆိုဒ် များမှကောက်နှုတ်ထားပါသည်။

Christianity about.com
Wikipedia online Encyclopedia
The Washington Time
Time Magazine

ကျွန်ုပ်တို့၏ မိတ်ဆွေ "ယေရှု"



ကျွန်ုပ်တို၏ မိတ်ဆွေ “ယေရှု”

အခြေပြုကျမ်းချက်။ ။ကိုယ့်အဆွေတို့အဖို့အလို့ငှာ ကိုယ့်အသက်ကိုစွန့်ခြင်း မေတ္တာထက်သာ၍ မြတ်သော မေတ္တာသည် အဘယ်သူမျှ၌ မရှိ။ သင်တို့သည် င့ါပညတ်ရှိသမျှတို့ကို ကျင့်ဆောင်လျှင် ငါ၏ အဆွေဖြစ်ကြ၏။ ယခုမှစ၍ ငါသည် သင်တို့ကို ကျွန်ဟူ၍မခေါ်။ ကျွန်မူကား ကိုယ့်သခင်ပြုသော အမှုကို မသိ။ သင်တို့ကိုအဆွေဟု ငါခေါ်၏။ (ရှင်ယောဟန် ခရစ်ဝင်၊ 15:13-14 )

ဖတ်ရန်ကျမ်းချက်။ ။ သုတ္တံကျမ်း၊ 18:24

နိဒါန်း

လောကတွင် အသက်ရှင်နေစဉ်အခါမှာ မိတ်ဆွေကောင်းကောင်းရှိဖို့ လိုအပ်လှပါသည်။ လူမည်သည်ကား သီးခြားနေထိုင်နိုင်ခြင်း မရှိရကား ၊ အပေါင်းအဖော်သည် အမှန်တကယ် လိုအပ်ပါသည်။ အဖော်ကောင်းသဖြင့် သူတော်ကောင်းဖြစ်သူများ၊ အဖော်ကောင်းသဖြင့် ခရီးပေါက်သူများ ၊ အဖော် ကောင်းသဖြင့် ချမ်းသာကြွယ်ဝသူများကို တွေ့ဖူးကြပါလိမ့်မည်။ ထိုနည်းတူ မကောင်းသော အပေါင်းအဖော်ကြောင့် ဒုက္ခပင်လယ်ဝေကာ များစွာသော ဆင်းရဲဒုက္ခနှင့် တွေ့ကြုံကြရသည့် သာဓကများသည် လူ့ဘ၀မှာ မရေမတွက်နိုင်သော ဗဟုသုတများ ဖြစ်ကြပါသည်။ အချို့များကျတော့ ဟေ့…တို့ကတော့ အဖော်ကောင်းရင် ငရဲတောင်လိုက်တယ်ကွ…ဟု အဖော်အားကိုးစကားဖြင့် ၀င့်ကြွားတတ်ပါသေးသည်။

ဘ၀၏ အဖော်မွန်၊ တိုးတိုးဖော်၊ ကြင်နာဖော်၊ ခရီးဖော်၊ စသည်ဖြင့် အဖော်အပေါင်း အများအပြားရှိပါသည်။ သုတ္တံဆရာကမူ…အပေါင်းအဖော်များသောသူသည် အကျိုးနည်းရှိတတ်၏ မိတ်ဆွေမူကား ညီအကိုစွဲကပ်သည်ထက် သာ၍ စွဲကပ်တတ်၏…ဟု ဆိုခဲ့ပါသည်။ အပေါင်းအဖော်၏ ရင်းနှီးကျွမ်းဝင်မှု၏ အဆုံးသတ်တွင် မိတ်ဆွေ ရှိပါသည်။ မိတ်ဆွေဟူသည်ကား လူတစ်ယောက်အတွက် အနီးကပ်ဆုံး အထောက်အမပင် ဖြစ်သည် မဟုတ်ပါလား။

ထိုအထောက်အမကို အဘယ်အချိန်မှာ အလွန်တရာ ကျွန်ုပ်တို့ လိုအပ်ပါသနည်း။

1 > ဒုက္ခရောက်သည့်အခါ မိတ်ဆွေရှိရန်လိုအပ်ပါသည်။

ဘ၀ဟူသည် နားလည်ရန် ခက်ခဲသည့် ပဟေဠိတစ်ခု ဖြစ်ပါသည်။ မွေးဖွားခြင်းမှ သေဆုံးခြင်း၏ ကြားကာလ ခရီးသည် တကယ်တော့မနီးလှပါ။ သည်ခရီးလမ်းမှာ လူတိုင်းသည် သုခနှင့် ဒုက္ခကို တစ်လှည့်စီ ရင်ဆိုင် ရစမြဲဖြစ်ပါသည်။ သုခကို ကြုံလျှင် စံလိုက်၊ ဒုက္ခကို ဆုံလျှင် ခံလိုက်နှင့် ဘ၀ကိုရင်ဆိုင်ကြရာ၌ ဒုက္ခ၏ အလှည့်တွင် ကျမျက်ရည်ကို သုတ်ပေးဖို့၊ သောကကို နှစ်သိမ့်စကားနှင့် ငြိမ်းသတ်ပေးဖို့၊ လဲနေခြင်းကို ဆွဲထူပေးဖို့ မိတ်ဆွေတစ်ယောက် အမှန်တကယ် လိုအပ်ပါသည်။

‘ဒုက္ခ’ ကို ရင်ဆိုင်ရာ၌ တစ်ယောက်တည်းရင်ဆိုင် ရင်ဆိုင်ရသည်ထက် အဖော်ရှိရင်တော့ သက်သာမှုရသည်ဟု ခံစားရပါသည်။ လွန်ခဲ့သောနှစ် အနည်းငယ်က လုပ်ငန်းများ ပျက်စီးကာ အတော်ကလေး ဒုက္ခနှင့် တွေ့ကြုံရပါသည်။ မိတ်ဆွေများက ကျွန်တော့်ကို ကြည့်ကာ စိတ်မကောင်းကြ။ သနားလိုက်တာဟု ညည်းညူကာ သက်ပြင်းချကြသည်။ သို့သော်လည်း ကူညီကာ ‘ဒုက္ခ’ မှ ၀ိုင်းဝန်းဆွဲမဖို့အထိတော့ သူတို့မလုပ်ဆောင်နိုင်ကြပါ။ ထိုအချိန်၌ ‘မိတ်ဆွေ’ ဆိုသော စကားကို ကျွန်တော် နားလည်သွားရပါသည်။

လူသည် ဒုက္ခဆင်းရဲကို ရင်ဆိုင်ရသောအခါ ‘မိတ်ဆွေ’ ကိုအလွန်ပင် ခုံမင်တမ်းတပါသည်။ ဒုက္ခရောက်သည့်အခါ သင့်အနား မိတ်ကောင်းဆွေကောင်းရှိရန် (အလွန်) လိုအပ်ပါသည်။

2 > သုခချမ်းသာ အောင်မြင်သောအခါ မိတ်ဆွေရှိရန် လိုအပ်ပါသည်။

ကျွန်တော်တို့ ရုံးမှာ ဆယ်တန်းဖြေထားသည့် ကျောင်းသူတစ်ယောက် ရှိပါသည်။ ဆယ်တန်း စာမေးပွဲ အောင်စရင်း ထွက်သောနေ့က အောင်စရင်းသွားကြည့်ပြီးနောက် အိမ်သို့ ပြန်လာကာ ချက်ချင်း အခန်းထဲ ၀င်ပြေးပါသည်။ အိမ်သူ အိမ်သားများက ဒီကလေးမ စာမေးပွဲကျပြီဟု ထင်မိပါသည်။ သူမက တံခါးကိုပိတ်ကာ ကြိတ်ငိုနေသည်ပဲ။ အိမ်သားများက မရမက ချော့မော့ပြီး တံခါးကိုဖွင့်စေပါသည်။ တံခါးဖွင့်ပြီးမှ စာမေးပွဲကျတာကို ၀မ်းမနည်းပါနဲ့။ နောက်တစ်ကြိမ် ဆက်ပြီး ဖြေနိုင်ပါတယ်ဟု နှစ်သိမ့်သောအခါ သူမက ကျွန်မ စာမေးပွဲအောင်တယ်။ ဂုဏ်ထူး လေးခုပါတယ်ဟု ပြောပါသည်။ အားလုံးက အံ့အားသင့်နေဆဲမှာ

သူမက….

ကျွန်မရဲ့ဖခင်က ကျွန်မကို ဆယ်တန်း အလွန် အောင်စေချင်ပါတယ်။ ကျွန်မကို ဂုဏ်ထူးတွေနဲ့ အောင်ပြီး ဆရာဝန် သိပ်ဖြစ်စေခြင်တာ။ ကျွန်မ စာမေးပွဲ ဖြေခါနီးမှာ ဖေဖေဆုံးသွားတယ်။ အခု ကျွန်မ စာမေးပွဲအောင်ပြီ။ ဖေဖေ့ကို ရှိစေချင်လိုက်တာ။ ဖေဖေမရှိလို့ ကျွန်မစာမေးပွဲအောင်တာ၊ ဂုဏ်ထူးရတာ၊ အဲဒါတွေ ဘာမှ အဓိပ္ပာယ် မရှိတော့သလိုပဲ ခံစားရတယ်ဟု ပြောပါသည်။

သူမကို ကျွန်တော်တို့ နားလည်နိုင်ပါသည်။ လောကမှာ သုခချမ်းသာကို ရသည်ဖြစ်စေ၊ အောင်မြင်ခြင်းကို ရင်ခွင်မှာ ပိုက်ထားသည်ဖြစ်စေ၊ အတူတကွ ပျော်ရွှင်ဖို့၊ မျှဝေခံစားဖို့ ‘မိတ်ဆေ’ွ လိုအပ်ပါသည်။

၃ > စုံစမ်းခြင်းကို ရင်ဆိုင်နိုင်ဖို့ မိတ်ဆွေကောင်း လိုအပ်ပါသည်။

လူ့ဘ၀မှာ အစဉ်အမြဲလည်း မချမ်းသာ။ အစဉ်အမြဲလည်း မဆင်းရဲ။ ခေါက်ရှာငှက်ပျံ လောကဓံ ဟု ဆိုသည့်အတိုင်း တစ်ခါတစ်ရံမှာတော့ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ အောင်မြင်ခြင်း၊ ဆုံးရှုံးခြင်းသည် ဘာမျှ အရေးမပါသော ကာလတစ်ခုတွင် လူတစ်ယောက်သည် ရပ်တည်နေရပါသည်။ စုံစမ်းခြင်းကာလ၊ တစ်နည်းအားဖြင့် စိန်ခေါ်ခြင်းကို ခံရသောအချိန်ခါမျိုး ရှိတတ်ပါသည်။ မာသာထရီဇာ ဆိုသည့် ပုဂ္ဂိုလ်ကြီးကမူ ဘ၀ဟူသည် စိန်ခေါ်ခြင်းပဲဟု ကဗျာတစ်ပုဒ် ရေးထုတ်ခဲ့ဖူးပါသည်။ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ရှုံးနိမ့်ခြင်း၊ အောင်မြင်ခြင်းကို ဂရုမစိုက်သော သူမလို လူသားများအတွက်တော့ မှန်ပါသည်။ ဘ၀ဆိုသည် စိန်ခေါ်ခြင်းပါပဲ။ ပြေး၍ရင်ဆိုင်ရမည်သာ။

စုံစမ်းခြင်းကာလကို အောင်မြင်စွာ ကျော်လွန်နိုင်ဖို့ရာမှာ အထောက်အမ၊ အကူအညီလိုပါသည်။ သမ္မာကျမ်းစာထဲတွင် ထင်ရှားသော မိတ်ဆွေအတွဲအဖက်အဖြစ် ရုသနှင့် သူမ၏ ယောက္ခမ နောမိ ရှိခဲ့ပါသည်။ အိုကြီးအိုမ၊ ဘ၀ကို ရင်ဆိုင်ရန် ခက်ခဲသော စုံစမ်းခြင်းကာလတွင် နောမိအတွက် ရုသသည် မိတ်ဆွေကောင်းဖြစ်ခဲ့ပါသည်။ ( ရု 1: 15-18 )။ ဒါဝိတ်နှင့် ယောနသန်တို့၏ မိတ်ဆွေကောင်းပီသခြင်း၊ စုံစမ်းခြင်းကာလကို အတူတကွရင်ဆိုင်ခြင်း၊ ( 1 ရာ 18:1-4 ၊ 1 ရာ 20:41-42 ) ကို နမူနာထား၍ ခွန်အားယူရန်၊ မိတ်ဆွေကောင်းတို့၏ ဖေးမမှု တန်ဖိုးကိုသိရှိရန် လိုအပ်ပါသည်။ တိုင်ပင်ဖော်၊ တိုင်ပင်ဖက်၊ တိုးတိုးဖော်ဆိုသည့် အနေအထားသည် လူတစ်ယောက်အတွက် အထူးသဖြင့် အသက်အရွယ်ကြီးရင့်၍ ဇရာ၏ စိန်ခေါ်ခြင်းကို ကြုံရသောကလများတွင် ထင်ရှားစွာ သိမြင်နိုင်ပြန်ပါသည်။

4 > သေခြင်းကို ရင်ဆိုင်ရဖို့ မိတ်ဆွေ လိုအပ်ပါသည်။

သည်စကားကိုတော့ တချို့က လက်ခံချင်မှ လက်ခံပါလိမ့်မည်။ သေတာပဲ၊ တစ်ယောက်တည်းပဲ သေရမယ့် ဥစ္စာ၊ ဘယ်လိုအဖော်လိုမှာလဲဟု စောဒကတက်စရာ ရှိပါသည်။

သို့သော်လည်း မသေရဲ၍ သေရမှာ ကြောက်လန့်တကြား ငြင်းဆန်၊ ညည်းတွားသူ အများအပြား ရှိခဲ့ပါသည်။ တစ်စုံတစ်ဦး၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း အသက်ပြောက်သွားသူများ၊ နာကျင်စွာ အော်ဟစ်၍ အသက်ထွက်ရသူများ၊ ကြောက်လန့်တကြား ငိုယို၍ သေဆုံးရသူများစွား ရှိပါသည်။ တကယ်တော့လည်း သေခြင်းမြစ်သည် အလွန်တရာကြောက်မက်ဖွယ်ရာ ကောင်းပါသည်။

ဟိုတစ်ဖက်မှာ ဘာဖြစ်မလဲ။ ဘယ်သူမှ မသိနိုင်ပါ။ မရောက်ဖူး။ မည်းမှောင်သလား။ လင်းထိန်သလား။ သည်မြစ်ကိုဖြတ်သန်းရမှာ အားမငယ်ပဲ မရှိနိုင်။

သို့သော်လည်း သေခြင်းမြစ်ကို ပြုံးရွှင်ရဲဝံ့စွာ ဖြတ်ကျော်သွားသူတွေကလည်း ရှိပြန်သေးသည်။ ဓမ္မသီချင်းကို သီဆိုရင်းဖြတ်သန်းသွားသူတွေ၊ ကျမ်းစာကိုရွတ်ရင်း (အထူးသဖြင့် ဆာလံ 23 ဖြစ်ဖြစ်ပေါ့) ဘ၀ကူးသွားသူတွေ အများအပြား ရှိပါသည်။

သေမင်းကို ဘာဖြစ်လို့ သူတို့ ရင်ဆိုင်ရဲသလဲ။ တကယ်တော့ သူတို့မှာ အားကိုးစရာ မိတ်ဆွေတစ်ဦး ဟိုတစ်ဖက်မှရှိနေလို့ပေါ့။ စဉ်းစားကြည့်မိတာ တစ်ခုရှိုပါသည်။ လုပ်ငန်းခွင်တွင်ရှိစဉ် နိုင်ငံခြားခရီးသွားဖို့ မကြာခဏရှိသော်လည်း မသွားဖြစ်။ နီးကပ်သောနိုင်ငံ (ထိုင်း၊ စင်္ကာပူ)မျှ ဖြစ်စေ။ ကျွန်တော်မသွားဝံ့။ ဟိုမှာမိတ်ဆွေ တစ်ဦးမျှ မရှိပဲ ကျွန်တော် မသွားချင်ပါ။ မသွားရဲ။ မဖြစ်မနေ သွားရမည်ဆိုရင်တော့ ကြောက်ကြောက်နှင့် သွားရမယ့်အဖြစ်ပါပဲ။ မကြာသေးခင်ကတော့ ကျွန်တော်နှင့် အလွန်ရင်းနှီးသော ဆရာလတ်ရေရှဲတစ်ယောက် အမေရိကန်ပြည်မှာ ရှိနေမှန်း သိရသည်။ ထိုအခါ အမေရိကန်ပြည်ကိုသွားဖို့ ကျွန်တော် မစိုးရိမ်တော့။ ဟိုရောက်ရင် ဆရာလတ်ရေရှဲက ပစ်ထားမှာမဟုတ်ပါဘူး ကူညီမှာပဲ။ ဘာမှ စိုးရိမ်စရာ မရှိဘူးဟု ယုံကြည်၍ သွားရဲခြင်းပါ။

ထိုနည်းသူစွာပင် သေခြင်းမြစ်၏ တစ်ဖက်ကမ်းတွင် ယုံကြည်စိတ်ချရသော (သူတို့၏) မိတ်ဆွေရှိသဖြင့် သွားသူတို့ ရဲရဲဝံ့ဝံ့သွားရဲကြခြင်းသာ ဖြစ်ပါသည်။ မိတ်ဆွေ… သင်သေသောအခါ၊ တစ်နည်းအားဖြင့် သေခြင်းမြစ်၏ တစ်ဖက်ကမ်းကို သွားဖို့ “အဖော်” သို့မဟုတ် “မိတ်ဆွေကောင်း” ရှိမှဖြစ်ပါလိမ့်မည်။

နောက်ဆုံး၌ လောကတွင် နေထိုင်စဉ်သော်လည်းကောင်း၊ သေလွန်လျှင် သော်လည်းကောင်း “မိတ်ဆွေကောင်း” တစ်ယောက်ရှိရပါမည်။ သူက မည်သူ ဖြစ်ပါသနည်း။ တမန်တော်ကြီး ရှင်ယောဟန်က သူ၏ ခရစ်ဝင်ကျမ်းတွင် ယေရူခရစ်တော်၏ နှုတ်ကပတ်တော်ကို မှတ်တမ်းတင်ထားသည်မှာ……

“ကိုယ့်အဆွေတို့အဖို့အလို့ငှာ ကိုယ့်အသက်ကို စွန်သော မေတ္တာထက် သာ၍

မြတ်သော မေတ္တာသည် အဘယ်သူ၌မျှ မရှိ”

ဤကျမ်းစကားသည် အကြွင်းမဲ့မှန်သော စကားဖြစ်ပေသည်။ မေတ္တာသည် မမြင်ရသောအရာ၊ ထုထည်၊ ဒြဗ်၊ အလေးချိန်မရှိသဖြင့် ပမာဏနှိုင်းဆရန် ခက်ခဲလှပေသည်။ သို့သော်လည်း ယေရှုခရစ်တော်က အမြတ်ဆုံးသော မေတ္တာ၊ အကြီးဆုံးသော မေတ္တာ၌ရှိအပ်သော “စံ” ကိုကြေငြာခဲ့ပါသည်။ သူကိုယ်တိုင်သည်လည်း မေတ္တာ၏ ထုထည်ကို ဖေါ်ပြခဲ့ပါသည်။ တစ်ဖန် ရှေ့ဆက်၍ ဖတ်လျှင် ယေရှုခရစ်က ကြေငြာချက်တစ်ခုကို ပြတ်သားစွာ ထုတ်ပြန်ပါသည်။

“သင်တို့သည် ငါ့ ပညတ်ရှိသမျှုတို့ကို ကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏။

ယခုမှ စ၍ သင်တို့ကို ကျွန်ဟူ၍မခေါ်….”

……………………………………………….

သင်တို့ကို အဆွေဟု ခေါ်၏။ ”

ကျွန်တော်တို့အား တစ်စုံတစ်ယောက်က တန်ဖိုးကြီးလှသော တောင်းဆိုချက် တစ်ခုကို တောင်းဆိုလျှင် သင့်မှာ တောင်းဆိုပိုင်ခွင့်ရှိသလား ဟု ပြန်မေးမိ ပေလိမ့်မည်။ ကျွန်တော်တို့အား ယေရှုခရစ်တော်က “သင်တို့အချင်းချင်းချစ်ပါ” ဟု အမိန့်ပေးနိုင်လောက်အောင် ဘာတွေလုပ်ခဲ့သလဲဟု မေးလိုက်သည်ဆိုပါစို့။ သူကချက်ချင်းပင် “ငါသည် သင်တို့အတွက် အသေခံခဲ့ပြီ”။ မိတ်ဆွေအတွက် အသေခံနိုင်သော မေတ္တာထက်ကြီးသော မေတ္တာ လောကမှာ ရှိသေးလား ?” ဟု ပြန်မေးပါလိမ့်မည်။ စင်စစ် သခင်ယေရှုသည် မိမိပညတ်သော တရားကို မိမိကိုယ်တိုင် အရင်ရှေးဦးစွာ လိုက်နာပြီးမှ သူတစ်ပါးကို ပေးခြင်းဖြစ်ပါသည်။ တစ်ဖန်…..သင်တို့ကို ကျွန်ဟုမခေါ်၊ အဆွေဟု ခေါ်မည်….ဆိုသော စကားကိုကြားရသော (ထိုခေတ်က) လူများအတွက် များစွာအဓိပ္ပယ်ရှိပါသည်။ ဒူလော့ (Doulos) ဟူသော စကားလုံး၏အနက်မှာ “ဘုရားသခင်၏ ကျွန်” ဖြစ်ပါသည်။ ဓမ္မဟောင်းခေတ်ကာလက ဘွဲ့နာမတစ်ခုဖြစ်၍ မော်ရှေ၊ ယောရှု၊ ဒါဝိတ်၊ ပေါလု၊ ယာကုပ် တို့အား ချီးမြှောက်ခေါ်ဝေါ်ခဲ့ပါသည်။ ရှေးကပုဂ္ဂိုလ်များသည် ဘုရားသခင်၏ကျွန်အဖြစ် အခေါ်ခံရန် အလွန်နှစ်သက် ဂုဏ်ယူခဲ့ပါသည်။ ယေရှုခရစ်တော် ကြွလာတော်မူသောအခါ၌မူ “အဆွေ” ဟုခေါ်ဝေါ်ပါသည်။ ဘုရားသခင်၏ကျွန်နှင့် ဘုရားသခင်၏မိတ်ဆွေ၊ ထိုစကားနှစ်ရပ်သည် အကွဲအပြား၊ အခြားအနားရှိပါသည်။

ဘုရားသခင်၏ မိတ်ဆွေဟူသော အယူအဆ နောက်ကွယ်၌ သမိုင်းအချက် အလက်များ ရှိပါသည်။ အဗြဟံသည် ဘုရားသခင်၏ အဆွေခင်ပွန်းဖြစ်သည်။ (ဟေရှာ 41: 8)။ ကျမ်းပယ်တစ်ခု ဖြစ်သော Wisdom (ကျမ်း 7:27) တွင် ပညာသည် လူသားတို့အား ဘုရားသခင်၏ အဆွေခင်ပွန်း ဖြစ်လာစေသည်ဟု ရေးထားသည်။ ဘုရားသခင်၏ မိတ်ဆွေဟူသော အယူအဆသည် ရှေးခေတ် ရောမဧကရဇ် များနှင့် အရှေ့တိုင်းနိုင်ငံ ဘုရင်များ၏ ထီးနန်းဓလေ့ထုံးစံများနှင့် ဆက်နွယ်နေဟန်ရှိသည်။ ထိုနန်းတော်ကြီးများထဲတွင် ‘ဘုရင့်မိတ်ဆွေကြီးများ’ဟု ခေါ်သော အထူး ရွေးချယ်ထားသည့် လူတန်းစားတစ်ရပ်ရှိသည်။ ထိုသူများသည် ဘုရင်က အထူးရုံကြည်မြတ်နိုးသူများ ဖြစ်သဖြင့် အိပ်ဆောင်တော်အထိ တံခါးမရှိ၊ ဓားမရှိ အချိန်မရွေး ၀င်ရောက်တွေ့ဆုံနိုင်ခွင့်ရှိကြသည်။ မြန်မာဘုရင်များလက်ထက်က ခန့်ထားသော သက်တော်ရှည်အမတ်များနှင့် တူကြပါသည်။ စင်စစ် ဘုရင့်မိတ်ဆွေဟူသည် ဘုရင်နှင့်အထူး ရင်နှီးကျွမ်းဝင်သော ဘုရင်ကိုယ်တိုင် ယုံကြည်အားထားသော သစ္စာရှိသူများ ဖြစ်ကြပါသည်။

ထို့ကြောင့် သခင်ယေရှုက ကျွန်ုပ်တို့အား အဆွေဟုလည်းကောင်း၊ ဘုရားသခင်၏ မိတ်ဆွေဟုလည်းကောင်း ခေါ်ဆိုလိုက်ခြင်းသည် အံ့သြတုန်လှုပ်ဖွယ်ရာ အခွင့်အရေးကြီး တစ်ရပ်ဖြစ် ပါသည်။ ကျေးကျွန်များကဲ့သို့ သခင်၏ ရွှေမျက်နှာတော်ကို စောင့်စားဖူးမျှော်ရန် မလိုတော့ချေ။ သခင် ၏ရှေ့တော်မှောက်သို့ သွားရောက်ခွင့်မရှိသော ကျွန်ကဲ့သို့ မဟုတ်။ ဘုရားသခင်အား အချိန်မရွေး ဆက်သွယ်၊ ချဉ်းကပ်နိုင်သော အနေအထား၌ ရှိလေပြီ။ ရှင်ဘုရင်ရှေ့မှောက်၌ ခစားနေကြသော ပရိတ်သတ်သည် ဘုရင်မင်းမြတ်က မော်ဖူးစေဟု အမိန့်တော်ရှိမှ မော်ဖူးရသည်။ မိမိအလိုအလျှောက် ရှင်ဘုရင်မျက်နှာကို မော်ကြည့်မိပါက အပြစ်ဒဏ်ခံရပါသည်။ ကျွန်တော်တို့ကား ဘုရားသခင်၏ မိတ်ဆွေ ဖြစ်ခွင့်ရပြီဆို၍ တိုက်ရိုက် ချဉ်းကပ်၊ ဆုံတွေ့နိုင်ပေပြီ။ အဆီးအတားမဲ့စွာ ကျွမ်းဝင်ခွင့် ရှိသဖြင့်….

(1)မိမိ၌ ဆင်းရဲဒုက္ခရှိလျှင် ပြောပြနိုင်ပြီ။

(2)မိမိ၌ ချမ်းသာသူခရှိလျှင် ဝေမျှနိုင်ခွင့်ရှိပြီ။

(3)စုံစမ်းခြင်းကို ရင်ဆိုင်ဖို့ရန် အားကိုးတစ်ခု ရလေပြီ။

(4)သေခြင်းမြစ်ကို ရဲဝံ့စွာ ဖြတ်ကူးနိုင်ဖို့ အဖေါ်မွန်ကိုရထားပါပြီ။

နိဂုံး

မစ္စတာဂျိုးဇက်၊ စကရီဝင် (1820-1886) ရေးသား၍ မြန်မာဘာသာသို့ ဆရာအဆောင်း ဘာသာပြန်သော ဓမ္မသီချင်းတစ်ပုဒ် ရှိပါသည်။ What a friend we have in Jesus (မိတ်ဆွေယေရှု ကျူး၊ 196) ဖြစ်ပါသည်။

သီချင်းပါ စကားလုံးများကို နားထောင်ကြည့်ပါ။

“ငါတို့ပြစ်နှင့် ၀မ်းနည်းခြင်းများ၊

ခံရန် မိတ်ဆွေ ယေရှုရှိ။

ဆုတောင်းခြင်းဖြင့် ထံတော်ချဉ်းကပ်၊

ခွင့်သည် အံ့ဖွယ်ဖြစ်ပေ၏။”

တေးပြုသူ ဂျိုးဇက်၊ စကရီဝင်သည် သူ လက်ထပ်မည့်နေ့မတိုင်ခင်ညမှာ သူ၏ ချစ်လှစွာသော သတို့သမီးကလေး ရေနစ်သေဆုံးခဲ့သည်။ သူသည်အလွန်အမင်း ကြေကွဲ၍ ထိုစုံစမ်းခြင်း၊ ၀မ်းနည်းခြင်းကို(သခင်ယေရှု) နှင့် ဖြတ်သန်းခဲ့ပါသည်။ သူ့ဘ၏နှောင်းပိုင်းမှာ အမှုတော်ဆောင်ခြင်းဖြင့် ကုန်လွန်စေခဲ့ပါသည်။ သူ့တွင်အားကိုးစရာ မိတ်ဆွေရှိ၍ စုံစမ်းခြင်းကို ခံနိုင်သော်လည်း ယူကျုံးမရဖြစ်နေသော သူ့မိခင်အတွက် ဤသီချင်းကို သူ ရေးခဲ့ပါသည်။

“ငါတို့တွင် စုံစမ်းနှောက်ယှက်ခြင်း၊

ဆင်းရဲဒုက္ခရှိသလား။

ဘယ်ခါမျှ စိတ်မပျက်စေရာ၊

ဆုတောင်းလျှက် ထံတော်ချဉ်းပါ…..”

ယခုအခါ ယုံကြည်သူတို့ အမြတ်တနိုး ခွန်အားယူ၍ သီဆိုကြသော ဤသီချင်းကို သူ့မိခင်အတွက် ရေးခဲ့ပြီးနောက် နှစ်ပေါင်းများစွားကြာ၍ သူ သေဆုံးခါနီး အချိန်တွင် သူ့ မိတ်ဆွေတစ်ဦး က တွေ့၍ သုံးစွဲရာမှ ဤသီချင်းကို ကျွန်တော်တို့ သီဆိုခွင့်ရခဲ့ကြပါသည်။ လူပေါင်းများစွာသည် ဤသီချင်းအားဖြင့် ပြောင်းလဲခဲ့ပါသည်။

ပင်ပန်းလှစွာ ၀န်ထုပ်လေး၍၊

အားနည်းလျှက် ရှိကြသလား။

“ကယ်တင်ရှင် မှီခိုရာဖြစ်ပေ၊

ဆုတောင်းလျှက် ထံတော်ချဉ်းပါ။

မိတ်ဆွေများ ရွံ့ရှာစွန့်ပစ်လျှင်၊

ဆုတောင်းလျှက် ထံတော်ချဉ်းပါ။

လက်တော်ဖြင့် ကွယ်ကာစောင်မမည်။

ထိုမှာ နှစ်သိမ့်ရာကို ရှာ….”

ကျွန်တော်တို့အတွက် မိတ်ဆွေယေရှုအနားမှာ အမှန်တကယ် ရှိပါသည်။ ကျွန်တော်တို့၏ ဆင်းရဲဒုက္ခ၊ ကျွန်တော်တို့၏ ချမ်းသာသုက္ခ၊ ကျွန်တော်တို့၏ စုံစမ်းခြင်း၊ စိန်ခေါ်ခြင်း၊ ခံရမှု၊ ကျွန်တော်တို့၏ နေခြင်း၊ ထိုင်းခြင်း၊ ရှင်သန်ခြင်း၊ သေဆုံးခြင်း….စသည့် ခပ်သိမ်းသောအမှုမှာ ပါဝင်ရောယှက်ဖို့ သူ့ဆန္တ ရှိပါသည်။ ကျွန်တော်တို့ ဘာဖြစ်လို့ သူ့လို မိတ်ဆွေတစ်ယောက်ကို အားမကိုး၊ လက်မတွဲ၊ မပူးပေါင်းပဲ နေနိုင်ပါမလဲ။ စဉ်းစားဆုံးဖြတ်ရမည့်အချိန်ပဲ ဖြစ်ပါသည်။ တကယ်တော့ ယုံကြည်သူအားလုံးသည် ယေရှုခရစ်တော်၏ “မိတ်ဆွေ”များ ဖြစ်ရပါသည်။ ဖြစ်သင့်ပါသည်။ ဖြစ်ကြပါသည်။ ကျွန်တော်တို့ကို “မိတ်ဆွေ” ဟု ခေါ်သော သူ့ထံသို့ တိုးဝင်ချဉ်းကပ်၍ ခပ်သိမ်းသော ကျွန်တော်တို့၏ အမှုကို သူ့ထံ အပ်ကြပါစို့။

ဆိုး၏ ခွန်အားကိုဖြည့်စွမ်းသောတရားဟောချက်များစာအုပ်မှ