JESUS

Wednesday, December 7, 2011

အထူးထူးအပြားပြားသော စုံစမ်းနှောက်ရှက်ခြင်း





 

အခြေပြုကျမ်းချက်။   ။ ငါ့ညီအကိုတို့၊ သင်တို့၏ ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းသောအရာသည် သည်းခံခြင်းအရာကို ပွားစေတတ်သည်ဟု သိမှတ်လျှက် အထူးတူးအပြားပြားသော       စုံစမ်းနှောက်ရှက်ခြင်းနှင့် တွေ့ကြုံသောအခါ ၀မ်းမြောက်စရာအကြောင်း သက်သက်ဖြစ်သည်ဟု မှတ်ကြလော့။ သင်တို့သည် အလျှင်းမချို့တဲ့ပဲ စေ့စပ်စုံလင်မည့်အကြောင်း၊ သည်းခံခြင်းစိတ်သည် အကုန်အစင်ပြုပြင်ပါစေ။        ( ရှင်ယာကုပ် သြ၀ါဒစာ၊ ၁:၂-၄ )
ဖတ်ရန်ကျမ်းချက်။          ။      ( ၁ကော၊  ၁၀ : ၁၃  )

 နိဒါန်း

‘မုန်တိုင်း’  ဆိုသည့် ဝေါဟာရကို ကျွန်ုပ်တို့ နားလည်နိုင်ကြပါသည်။ ခက်ခဲကြမ်းတမ်းစွာ တိုက်ခတ်သော သဘောကို ရည်ညွှန်းပါသည်။ မိုးသက်မုန်တိုင်း၊ လေပြင်းမုန်တိုင်း…စသည်ဖြင့် ကျွန်တော်တို့ ကြုံတွေ့ခဲ့ဖူးကြပါသည်။ ပင်လယ်ပြင်ခရီးသွားသော အဏ္ဍ၀ါယောက်ျား လူစွန့်စားတို့ဆိုလျှင် ပို၍ပင် နားလည်ခံစားကြရပါသည်။ ဘင်္ဂလားပင်လယ်အော်တွင် တစ်နာရီလေးဆယ်ငါးမိုင်နှုန်းဖြင့် တိုက်ခတ်သော ဆိုင်ကလုန်းမုန်တိုင်း၊ တောင်ပစ္စဖိတ်သမုဒ္ဒရာတွင် တစ်နာရီ ခုနှစ်ဆယ့်ငါးမိုင်အထက် တိုက်ခတ်သော တိုင်ဖွန်းမုန်တိုင်း၊ အတ္တလန်တိတ် သမုဒ္ဒရာတွင် တစ်နာရီ ခုနှစ်ဆယ့်ငါးမိုင်မှမိုင်နှစ်ရာအထိ ပြင်းထန်စွာ တိုက်ခတ်သော ‘ဟာရီကိန်း’ မုန်တိုင်းတို့သည် နာမည်ကြီးလှပါပေသည်။
ဦးတည်ရာမှန်သမျှ ဖျပ်ဆီး၊ နစ်မြုတ်သွားနိုင်ကြလောက်အောင် အစွမ်းပကား ကြီးမားလှသည်။ မုန်တိုင်းဒဏ်ခံရသော လူ၊ သတ္တ၀ါ၊ အဆောက်အဦး၊ သစ်ပင်ပန်းမာန် အားလုံးသည် အလူးအလဲ၊ အကွဲအပြားနှင့် ကျန်ရစ်ခဲ့တတ်ပါသည်။ သို့သော်လည်း… အားလုံးတော့ မသေမပျောက်ကြ။ မုန်တိုင်းဒဏ်ကို ခံနိုင်ရည်ရှိ၍ အသက်ရှင်ကျန်ရစ်သူများလည်း ရှိကြပါသည်။ ပင်လယ်ခရီးသွားအားလုံးသည် မုန်တိုင်းကို ရင်ဆိုင်ကြရမှာပင် ဖြစ်သော်လည်း အချို့မှလွဲ၍ အများစုသည် မသေမပျောက်၊ လွတ်မြောက်ကျန်ရစ်ခဲ့ကြပါသည်။ မုန်တိုင်းကိုမကြောက်ကြ။ သင်္ဘောသားအိုတစ်ဦးက……
“မုန်တိုင်းဆိုတာ ကြောက်စရာမဟုတ်ပါဘူး။ ပျက်စီးအောင် မလုပ်နိုင်ပါဘူး။ လူတွေရဲ့ ခံနိုင်ရည်ကိုစစ်ကြောဖို့ ဘုရားသခင်က ပေးတဲ့စာမေးပွဲတစ်ခုပါပဲ” ဟုပြောဖူးသည်။
ရှင်ယာကုတ် သြ၀ါဒစာကို ဖတ်လျှင် ခရစ်ယာန်တို့၏ အသက်ရှင်ခြင်းကို လမ်းညွှန်ထားပါသည်။  ခရစ်ယာန်တို့၏ အသက်ရှင်ခြင်းသည် မလွယ်ကူပါ မုန်တိုင်းထန်သည့် ဘ၀ခရီးလမ်းတစ်ခုသာ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် စုံစမ်းခြင်း မုန်တိုင်း၊ ၀မ်းနည်းခြင်း မုန်တိုင်း၊ စိတ်ပျက်အားငယ်ခြင်း မုန်တိုင်း၊ သောက မုန်တိုင်းတို့ဖြင့် ရောပြွမ်းနေပါသည်။ ထိုမုန်တိုင်းများကို ဘယ်လိုမှ ရှောင်ကွင်း၍လည်း မရနိုင်ပါ။ ရှင်ယာကုတ်က ထိုစုံစမ်းနှောက်ရှက်ခြင်း (မုန်တိုင်း) သည် ယုံကြည်ခြင်းကို တိုးပွားရန်အတွက်သာ ဖြစ်ပါသတဲ့။ စုံစမ်းခြင်းကို ခံရခြင်းအားဖြင့် အောင်မြင်၍ ပြည့်စုံသော အသက်တာကို ရရှိနိုင်ပါသည်ဟု ဆက်လက်ဖေါ်ပြထားပါသည်။


၁။   ခရစ်ယာန်အသက်တာ၌ ဧကန်အမှန်ပင် စစ်ကြောစုံစမ်းခြင်း မုန်တိုင်းကိုခံရမည်။


ခရစ်ယာန် အသက်ရှင်ခြင်းသည် အနှစ်သာယနှင့် ပြည့်ဝ၍ အဓိပ္ပယ်လေးနက်လာဖို့ စုံစမ်းနှောက်ယှက်ခြင်းကို အမှန်ရင်ဆိုင်ရပါသည်။ စုံစမ်းနှောက်ယှက်ခြင်း၏ အဓိပ္ပယ်မှာ  မကောင်းသောလမ်းသို့လိုက်ပါသွားရန် သွေးဆောင်ခံရခြင်း မဟုတ်ချေ။  စစ်ကြောခြင်းကို ခံရခြင်းအားဖြင့် သာ၍ ခွန်အားနှင့်ပြည့်ဝသော အသက်တာကို ရရန်လည်းကောင်း၊ ဖြူစင်သန့်ရှင်းသော လက္ခဏာနှင့် ပြေ့ဝလာစေရန်လည်းကောင်း စုံစမ်းခြင်းက ပို့ဆောင်ပေးပါသည်။
ခရစ်ယာန် တစ်ယောက်အနေနှင့် ယုံကြည်ခြင်း ပိုမိုခိုင်မြဲလာစေရန် စုံစမ်းခြင်းကို (မလွဲမသွေ) ခံရပါမည်။ ဘ၀ခရီးတွင် စိတ်ပျက်ခြင်း၊ ၀မ်းနည်းကြေကွဲခြင်းကို ရင်ဆိုင်ရပါမည်။ မိမိ၏ယုံကြည်ခြင်း လျှော့ပါးသွားသည့်တိုင် စုံစမ်းခြင်း ခံရတတ်ပါသည်။ ပရောဖက်ယေရမိ၏ အသက်တာကိုကြည့်ပါ။ သူသည် ဘုရားသခင်စေခိုင်း၍သာ ပရောဖက်ပြုသော်လည်း သူ့လူမျိုးများက သူ့ကိုလက်မခံ။ ငြင်းပယ်ရုံမက သူ့အသက်ကို သတ်ရန်ပင် ကြံသောအခါ ဘုရားသခင်ကို သူ မေးခွန်းထုတ်မိလေပြီ။ “အဘယ့်ကြောင့် ဆိုးသွမ်းသော သူများ ကြီးပွားရသနည်း။ ဘုရားသခင်က မိမိကို ရွေးကောက်စေခိုင်းတာကော အမှန်ဟုတ်ပါရဲ့လား”  သူ့ယုံကြည်ခြင်းလျှော့လျှဲသောအခါ ဘုရားသခင်က ယေရမိကို ပြင်းထန်စွာရှုတ်ချလေသည်။ သည်တော့မှ ယေရမိကြီး နောင်တရ၍ ယုံကြည်ခြင်း ခိုင်မြဲလာရပါသည်။
ပင်လယ်ခရီးကို သာတောင့်သာယာဖြင့် ဖြတ်သန်း၍ လိုရာဆိပ်ကမ်းသို့ အစဉ်အမြဲ ချောချောမောမော ရောက်နေလျှင် မာလိန်မှုးကို ကျေးဇူးတင်ဖို့ မေ့နေပါလိမ့်မည်။  ကြမ်းတမ်းသော မုန်တိုင်းကို တွေ့မှသာ၊ ကိုယ့်အသက်ကို မာလိန်မှူးလက်ထဲ ထည့်ထားရပါလားဟု သင် တွေးမိမည်သာ ဖြစ်ပါသည်။  ဘုရားသခင်ကို ပိုမိုယုံကြည်အားကိုးဖို့ စုံစမ်းနှောက်ရှက်ခြင်း မုန်တိုင်းသည် မရှိမဖြစ်လိုအပ်သော အရာဟု နားလည်သင့်ပေသည်။
ခရစ်ယာန်တစ်ဦး၏ စစ်ကြောခံရခြင်းသည် ရွှေစင်ကိုစစ်ယူခြင်းနှင့် အလားသဏ္ဍာန်တူပါသည်။ ရွှေကိုမီးဖြင့် အထပ်ထပ်အခါခါ စစ်ယူခြင်းဖြင့် နောက်ဆုံး၌ အလွန်အဖိုးထိုက်သော  ‘ ရွှေစင် ’ ကို ရနိုင်ပါသည်။ ထိုနည်းတူစွာပင် ကျွန်တော်တို့၏ အသက်တာတွင် အမျိုးမျိုးသော စုံစမ်းနှောက်ရှက်ခြင်း မုန်တိုင်းကို အဖန်တလဲလဲ တွေ့ဆုံရင်ဆိုင်ဖြတ်သန်းကြရပါမည်။  ထိုမုန်တိုင်းများစွာကို ဖြတ်သန်းနိုင်မှသာ ယုံကြည်ခြင်းသည် ပို၍ခိုင်မြဲနိုင်စရာရှိပါသည်။  ဘုရားသခင်က အာဗြဟံကို ခေါ်၍ သူ၏သား ဣဇက်ကို ပူဇော်ခိုင်းပါသည်။ ဤစစ်ကြောချက်ကား အလွန်ခက်ခဲလှပါ၏။  သို့သော်လည်း အာဗြဟံက ထိုစစ်ကြောခြင်းကို အောင်မြင်ခဲ့သဖြင့် “ ယုံကြည်ခြင်း၏ အဖ ” ဟူသော ဘွဲ့နာမကို ပိုင်ဆိုင်ခဲ့ရခြင်း ဖြစ်ပါသည်။
သို့ဖြစ်၍ မိမိတို့၏ အသက်တာ၌ တွေ့ကြုံရသော စုံစမ်းနှောက်ရှက်ခြင်းအားဖြင့် စစ်ကြောခြင်းကို မလွဲမသွေရင်ဆိုင်ကြရပါမည်။  ဤစုံစမ်းခြင်းမုန်တုင်းသည် တစ်နာရီမိုင်တစ်ထောင်နှုန်းဖြင့် တိုက်ခတ်ပါစေ။ မိမိ၏ ယုံကြည်ခြင်း မပျက်ပြားပဲ အာဗြဟံကဲ့သို့ တည်ကြည်စွာ ရင်ဆိုင်ဖြတ်သန်းဖို့ရန် အရေးကြီးပါသည်။ မုန်တိုင်းကြောင့် မပျက်စီးရ။ မုန်တိုင်းကြောင့် ခံနိုင်ရည်တိုးတက် လာရပါမည် ။

၂။    စုံစမ်းခြင်း မုန်တိုင်းသည် သည်းခံခြင်း ပါရမီကို ပွားများစေနိုင်ပါသည်။


တစ်ခါတုန်းက အိမ်ထောင်တစ်ခု၌ သားသမီးအားလုံးသည် တစ်နေ့တည်းတွင်ပင် ပျက်စီးဆုံးရုံးသွားကြရပါသည်။ ဖြစ်စဉ်မှာ မိဘများက သားသမီးအားလုံးကို ကျောင်းအိပ် ၊ ကျောင်းစား သွားထားသဖြင့် ရပ်ဝေးမှာ နေကြရပါသည်။ သူတို့၏သားသမီးများနေသော ကျောင်းကလေးသည် တောင်ခြေနားတွင်ဖြစ်၍ တစ်နေ့သောအခါ တောင်ပြိုကျလေရာ ကျောင်းကိုပိ၍ သူ့သားသမီးများနှင့် အခြားကျောင်းသူ၊ ကျောင်းသားများ သေဆုံးသွားကြရလေသည်။ မိခင်နှင့်ဖခင်၏ ရင်သည် မည်မျှ ကွဲအက်ကြေမွသွားလိမ့်မည်နည်း။ ကိုယ်ချင်းစာကြည့်လျှင်ပင် ခံနိုင်စရာအကြောင်းမရှိ။ ရူးသွပ်သွားစရာအကြောင်းရှိသည်ကို ကျွန်တော်တို့ နားလည်နိုင်ကြပါသည်။ သို့သော်လည်း မိဘနှစ်ပါးသည် ဘုရားသခင်ကို အပြစ်မတင်ကြ။ ယုံကြည်ခြင်းကို မစွန့်လွှတ်ကြ။ ၀မ်းနည်းကြေကွဲလျက်ကပင် ဘုန်းတော်ကို ထင်ရှားစေခဲ့သည်။
မိဘမဲ့ကလေးများ နေထိုင်နိုင်ရန် ကျောင်းဆောင်တစ်ဆောင်ကို ဆောက်လုပ်လှူဒန်းခဲ့သည်ကို သိရပါသည်။ ဒုက္ခဆင်းရဲခြင်းမုန်တိုင်း ၊ ကြေကွဲဝမ်းနည်းခြင်း မုန်တိုင်းကို ကြိုးစားဖြတ်သန်းသွားနိုင်ကြပါပေသည်။ မုန်တိုင်း၏ ပြင်းထန်စွာ တိုက်ခတ်သော ဒဏ်ကို သည်းခံနိုင်ကြပါပေသည်။
ယာကုတ်သြ၀ါဒစာ ၁း၃ တွင် “ စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေတတ်သည်ဟု သိမှတ်လျက် အထူးထူးအပြားပြားသော စုံစမ်းနှောက်ယှက်ခြင်းနှင့် တွေ့ကြုံရသောအခါ ၀မ်းမြောက်စရာအကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့ ” ဟု ဆိုပါသည်။ စစ်ကြော စုံစမ်းခြင်းကို မှန်ကန်စွာရင်ဆိုင်နိုင်ရန် သည်းခံခြင်းပါရမီကို ရရှိလာနိုင်ပါသည်။  မိမိအပေါ် ကျရောက်လာသမျှသော ဒုက္ခဆင်းရဲမုန်တိုင်း၊ စုံစမ်းခြင်းမုန်တိုင်း၊  နှောင့်ယှက်ခြင်း မုန်တိုင်းများကို စိတ်နှလုံးနှိမ့်ချလျက် လက်ခံခြင်းသည်  သည်းခံခြင်းပါရမီဖြစ်ပါသည်။ သည်းခံခြင်းသည် အောင်မြင်ရာဟု မြန်မာစကားပုံရှိပါသည်။ တစ်နည်းအားဖြင့် သည်းခံခြင်းအားဖြင့် မုန်တိုင်းများကို ကြံ့ကြံ့ခံနိုင်ပြီး ခိုင်မာသောယုံကြည်ခြင်းကို တည်ဆောက်နိုင်ပါလိမ့်မည်။
ရှေးယုံကြည်သူ ခရစ်ယာန်များစွာတို့သည် နှိပ်စက်ညှင်းပန်းခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် မီးရှို့အသတ်ခံရခြင်းများကို ခံစားကြရပါသည်။ သို့သော်လည်း သူတို့သည် စိတ်ပျက်ညည်းသွားခြင်းမရှိ။ သည်းခံခြင်းပါရမီဖြင့် သေသည့်တိုင်အောင် သစ္စာခိုင်လျက်၊ သီချင်းဆိုကာ ရဲရင့်စွာ အသေခံ ၊ မာတုရဖြစ်သွားခဲ့ကြသဖြင့် ခရစ်ယာန် ဘာသာသည် ကမ္ဘာ၏  ၅၉% သို့ ပြန့်ပွားလွှမ်းခြုံနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ထိုအထဲမှ တစ်ယောက်ကမူ သေခါနီးမှာ ပြုံးရွှင်နေသဖြင့် ဘာကြောင့် ပြုံးနိုင်သလဲဟု မေးမြန်းလျှင် သူက       “ ဘုရားသခင်၏ဘုန်းတော်ကို မြင်တွေ့ရ၍ ၀မ်းမြောက်သောကြောင့် ပြုံးပါသည် ” ဟု ဖြေဆိုခဲ့ဖူးလေသည်။ သည်းခံခြင်း ပါရမီသည် စုံစမ်းနှောက်ရှက်ခြင်းများနှင့် မည်သို့ပင်ရင်ဆိုင်ရသော်ငြားလည်း တုန်လှုပ်မှု ကင်းမဲ့စွာရပ်တည်နိုင်ခြင်းကို ဆိုလိုပါသည်။ စုံစမ်းခြင်း မုန်တိုင်းကြောင့် မိမိ၏ ယုံကြည်ခြင်း အပွန်းမခံရပါ ။ သည်းခံခြင်းပါ ရမီနှင့် ပြည့်ဝသောသည် ကြုံလာသမျှသော စုံစမ်းနှောက်ယှက်ခြင်း မုန်တိုင်းအားလုံးကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်ရုံမျှမက ခပ်သိမ်းသော အမူအရာတို့သည် မိမိအတွက် ၀မ်းမြောက်စရာ ကျေးဇူးတော်များသာ ဖြစ်ပါသည်ဟု ၀န်ခံနိုင်၍ အဆုံးတစ်နေ့၌ မုန်တိုင်းအားလုံးကို ရင်ဆိုင်ဖြတ်သန်း အောင်မြင်သွားနိုင်သူ ဖြစ်လာပါသည်။

၃။   သည်းခံခြင်း  ပါရမီရင့်သန်လာခြင်းဖြင့်   ပြည့်ဝစုံလင်သော  ခရစ်ယာန် အသက်တာကို ရရှိပါမည်။


သမ္မာကျမ်းစာလာ ယောဘ၀တ္ထုကို ဖတ်ကြည့်လျှင် စုံစမ်းနှောက်ရှက်ခြင်း အမျိုးမျိုးကို ယောဘ ခံရသည်ကို တွေ့ရပါသည်။ အလွန်ခက်ခဲသော စစ်ကြောခြင်း မုန်တိုင်းဖြစ်ပါသည်။ ဒုက္ခကြီးစွာရောက်ရပါသည်။ ယောဘ စိတ်မညစ်ဘူးလား။ စတ်ညစ်ပါသည်။ ညည်းတွားပါသည်။ စိတ်ပင်ပန်း၊ ညည်းတွားနေရင်းမှ မခံမဖြစ်သော ဝေဒနာကို သည်းခံရင်း ခံနိုင်ရည်ရလာပါသည်။ ဘုရားသခင်နှင့် ရင်ဆိုင်ရသောအခါ ဘုရားသခင်သည် တန်ခိုးကြီး၍ သူပြုသောအမှုကို လူတို့နားလည်ရန် မဖြစ်နိုင်ကြောင်း သိလာပါသည်။ လူတစ်ဦးတစ်ယောက်သည် မည်သည့်ဆုကျေးဇူးကိုမျှ မိမိနှင့် ထိုက်တန်ကြောင်း ယူဆ၍ ဘုရားသခင်ထံ တောင်းခံရန် မသင့်သည်ကို နားလည်လာပါသည်။ တစ်နည်းအားဖြင့် ယုံကြည်ခြင်း ပိုမိုခိုင်မြဲလာ၍ ဘုရားသခင်ပေးသော အောင်မြင်သည့် အသက်တာကို သူရရှိပါသည်။ မုန်တိုင်းလွန်လျှင် လေပြေလေညှင်းသည် ထပ်ကြပ်မကွာ လိုက်ပါလာစမြဲ ဖြစ်ပါသည်။ သင်တို့သည် အလျဉ်းမချို့တဲ့ပဲ စေ့စပ်စုံလင်မည့်အကြောင်း ၊ သည်းခံခြင်းစိတ်သည် အကုန်အစင်ပြုပါစေ(ယာ ၊ ၁း၎) ဟု ကျမ်းစာ လာပါသည်။ သည်းခံခြင်းပါရမီ တိုးတက်ရင့်သန်လာသော သူသည် လောက၌ အသက်ရှင်ရာတွင်  အကျိုးကျေးဇူးများစွာ ခံစားကြရပါသည်။
စင်စစ်တော့ မုန်တှိုင်းကာလမှာ သည်းခံရန်အတွက် လူ၏စိတ်နှင့်တော့မလွယ်ပါ ။  ရှမ်းပြည်နယ်တောင်ပိုင်းက ရွာကလေးတရွာမှာ ဘကြီးလုံယန်းဆိုတဲ့ ယုံကြည်သူမှာ ဇနီး ဒေါ်ဖွားဖြူ ဆိုတာ ရှိခဲ့ပါသည် ။ အသက် (၅၀) ကျော်တဲ့အထိ ကလေးမရကြပါ ။ တစ်နေ့တွင် သူတို့၏ အသင်းတော်ကို ဧည့်သည်ဆရာတပါးကလာပြီး တရားဟောပါသည် ။ “ ဟန္န” ၏ အကြောင်းကို ဟောပါသည် ဟန္နက မျက်ရည်ကျလျက် ဆုတောင်းတဲ့အခါ ဘုရားသခင်က နားညောင်းပြီး ရှမွေလကို ပေးသတဲ့ ။
ဘကြီးလုံယန်းတိှု့ဇနီးမောင်နှံကလည်း ဆုတောင်းကြသည် ။ ဒီလိုနဲ့ သူတို့မှာလည်း အသက်ကြီးမှ ကလေးတစ်ယောက် ရခဲ့သည် ။ သို့သောလည်း အသက်ကြီးမှ ကလေးမွေးရတာရယ် ၊ ထိုစဉ်က ကျေးလက်မှာ ဆေးပညာပျံ့နှံ့မှု နည်းပါးတာရယ်ကြောင့် ဒေါ်ဖွားဖြူဟာ ကလေးကို မွေးပြီးပြီးချင်း ဆုံးသွားပါလေရော ။ ဘကြီး လုံယန်း ကျေကွဲခြင်း မုန်တိုင်းကို ရင်ဆိုင်ရပါသည် ။ ဘုရားသခင်ကို အပြစ်တင်ပါသည် ။ တစ်ဖန် ဘုရားသခင်ကို ကျေးဇူးတင်ပြန်သည် ။  ဘုရားသခင်က                               “ လုံယန်း ….လုံယန်း…သင့်ဇနီးအား နာတာရှည်ဖြစ်လျက် ငါမကြည့်ရက်သောကြောင့် သူ့အား ကောင်းကင် ရွှေပြည်သို့ ပြန်ခွင့် ငါပေးလိုက်သည်ကို သင်သည် ငါ့အား အဆိုးမှတ်ယူမည်လော ။ သင်သည် တစ်နေ့ကျလျှင် သင်၏ ဇနီးသည်အား ကောင်းကင်ရွှေပြည်တွင် ပြန်တွေ့မည်ကို သင်မယုံသလော ။ ဤကလေးငယ်ကို ပြုစုစောင့်ရှောက်ပါ ” ဟု အိပ်မက်တွင် ထင်ရှားစွာ သွန်သင်လေသည် ။
ဘကြီး လုံယန်းခမျာ သားငယ် စိုင်းမျိုးချစ်ကို (၁၈) နှစ်တိတိ ပင်ပင်ပန်းပန်း လုပ်ကျွေးပြီး လမ်းပြသွန်သင်ခဲ့ပါသည် ။ သို့သော်လည်း စိုင်းမျိုးချစ် (၁၈) နှစ် ပြည့်သောအခါမှ သောကမုန်တိုင်းကို ရင်ဆိုင်ရပြန်ပါသည် ။ ၁၀-တန်း စာမေးပွဲအောင်စရင်းထွက်လာပါသည် ။ လွိုင်လင်စာစစ်ဌာနကို သွားပြီးကြည့်တော့ အောင်သည် ။ စိုင်းမျိုးချစ် ရွာကိုပြန်ပြေးလာသည် ။ ဖခင်ကို အားရ၀မ်းသာပြောပြမည်ပေါ့ ။ သို့သော်လည်း စိုင်းမျိုးချစ်၏ ဆန္ဒ မပြည့်ဝခဲ့ပါ ။ ထိုနေ့မှာပင် ဘကြီးလုံယန်း ပိုးထိကာ သေငယ်ဇောနှင့် မြောနေပါသည် ။ သောကမုန်တိုင်းကို စိုင်းမျိုးချစ် ရဆိုင်ရချိန်မှာ ဝေဒနာမုန်တိုင်းကို ဘကြီးလုံယန်း ရင်ဆိုင်ရပါသည် ။
ဘကြီးလုံယန်းသည် သေအံ့မူးမူးအချိန်မှာပင် ယုံကြည်ခြင်းမပျက်ခဲ့ပါ ။ သူ့သားကိုခေါ်၍ နောက်ဆုံးသွန်သင်မှု ပေးခဲ့ပါသည် ။ “လူလေးရဲ့ မေမေဆုံးတာ ဒီလိုညပဲ သား ။ သူမရှိရင် သားကို မွေးဖို့ခက်မှာမို့ ဘုရားသခင်ကို စောဒက တက်ခဲ့ပေမယ့် ဘုရားသခင်က ခွင့်မပြုခဲ့ပါဘူး ။  အခုလည်း ဖေဖေရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ ၊ သား….ဘုရားသခင်ကို ဆည်းကပ်ပါ ။ ယုံကြည်ခြင်းကို ခိုင်မြဲပါစေ ။ စိတ်မပျက် ၊ အားမငယ်နဲ့ ။ နောက်ဆုံးမှာချင်တာကတော့ ဘုရားသခင်ထံမှာ ထားပြီးတဲ့ ကတိကို မဖျက်ရဘူး ။ ဒုစရိုက်ကိုရှောင်ပါ ” ထိုညမှာပဲ ဘကြီးလုံယန်းသည် ကောင်းကင်ရွှေပြည်သို့ ထွက်ခွာသွားခဲ့ရသည် ။ စိုင်းမျိုးချစ်လည်း တောင်ကြီးကောလိပ်သို့ တက်မည်ဟု အားခဲလျက် ရွာမှ  ထွက်ခွာလာစဉ် လမ်းတွင် ဓားပြနှင့် ရင်ဆိုင်ရလေသည် ။ ဓားပြများက သူ့အားဖမ်းဆီးကာ ဂူထဲတွင် ထည့်ပိတ်လေသည် ။ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ၊ တစ်ဦးပြီးတစ်ဦး ပြန်ပေးဆွဲ ရွေးနှုတ်စေကာ နောက်ဆုံး၌ သူတစ်ဦးတည်းသာ ကျန်ရစ်သောအခါ ဓားပြဗိုလ်က အရက်များမူးလျက်ဖြင့်….
“ဟေ့…..ချာတိတ် ၊ မင်း  ဘယ်မှာနေလဲ ၊ ဘာလုပ်သလဲ”
“ကျွန်တော်  ပင်လုံအရှေ့ဖက်ကပါ ။ ကျောင်းသားပါ”
“ကျောင်းသားဆိုရင် ငါတို့အဖွဲ့မှာ စာရင်းတွေ ဘာတွေ လုပ်ပေးနိုင်မလား ။ အဖွဲ့ဝင်အဖြစ် လက်ခံမယ် ”
စိုင်းမျိုးချစ် စဉ်းစားရပါသည် ။ အဖွဲ့ဝင်မဖြစ်ရင်တော့ အသေခံရတော့မည် ။ အဖွဲ့ဝင်ဆိုရင်တော့ လွတ်လမ်းက ရှိသေးသည် ။ ထိုကာလ၌ရင်ဆိုင်ရသော စုံစမ်းစစ်ကြောခြင်း မုန်တိုင်းကို ကျွန်တော်တို့ ဘယ်လိုဆုံးဖြတ်မလဲ ။ စိုင်းမျိုးချစ်ကတော့ ဖခင်၏ စကားကို ပြန်သတိရနေပါသည် ။ “ သား….ထာဝရဘုရားသခင်ကို ကြောက်ပြီး ဒုစရိုက်ကို ရှောင်ပါ ”
စိုင်းမျိုးချစ်က “ ကျွန်တော်မမိုက်ဘူး  ဖေဖေ ” ဟု စိတ်ထဲမှ ပြန်ပြောစဉ် ဓားပြဗိုလ်က “ဟေ့ကောင်….ပြောနေတာ မကြားဘူးလား” ဟု ငေါက်သောအခါ စိုင်းမျိုးချစ်က ရဲဝံ့စွာဖြင့်ပင်……
“ကျွန်တော်ဟာ ခရစ်ယာန်တစ်ယောက် ဖြစ်ပါတယ် ။ မကောင်းတဲ့ ဒုစရိုက်နဲ့မှ အသက်ရှင်ရမယ်ဆိုရင် ကျွန်တော်ရဲ့အသက်ကိုတောင် စွန့်ပြီး ခရစ်တော်ရဲ့ နာမတော်ကို ကာကွယ်ရမှာပဲ” ဟု ဖြေလိုက်သည် ။ ဓားပြဗိုလ်က စိတ်တိုစွာဖြင့်…
“ဟေ့….တော် ၊ မကြားချင်ဘူး ၊ ဂူထဲမှာပိတ်ထားလိုက်စမ်း ၊ ဒီကောင့်ကိုထမင်း တစ်ရက်တစ်နပ်ပဲကျွေး ”ဟု အမိန့်ပေးလိုက်လေသည် ။ ထိုနောက်တွင် ရက်ပေါင်းကြာလာ၍  စိုင်းမျိုးချစ်မှာ အားအင်ချည့်နဲ့လာသည် ။ တစ်ညမှာ ဓားပြဗိုလ်သည် စိုင်းမျိုးချစ်ကို သတ်ရန် ဓားရှည်ကို ဆွဲလျက် ဂူဝသို့ လာခဲ့သည် ။ ထိုညသည် ဆောင်းညဖြစ်၍ ဟိုး…..အဝေး လွိုင်လင်မြို့ကို ပျပျကလေး မြင်ရသည် ။ ခရစ္စမတ်တေးသံသည် ဆောင်းလေနှင့် စီးမျော၍ ပါလာသည် ။ အမှတ်မဲ့ဖြင့် ကောင်းကင်သို့ မော့်ကြည့်မိသည် ။ ကြည်လင်သော ကောင်းကင်တွင် ဒီဇင်ဘာကြယ်များ တောက်ပလျှက် ကောင်းကင်သည် ပြာလွင်လှပလျှက် ရှိနေသည် ။ ဓားပြဗိုလ်၏ စိတ်နှလုံးတွင် ကြည်နူးဆွတ်ပျံ့မှုသည် ရုတ်ချည်းဖြစ်ပေါ်လာသည် ။ သူ့ဇာတိမြေ မိုးနဲ နှင့် သူ့မိခင်ကို ဖျတ်ကနဲ သတိရသွားသည် ။
တကယ်တော့ ဓားပြဗိုလ်ကလည်း ခေသူမဟုတ်ပါ ။ သူ၏ဖခင်သည် စော်ဘွားမျိုးဖြစ်သည် ။ သို့သော် ငယ်စဉ်ကပင် ဖခင်သေဆုံးသွားသဖြင့် မိခင်နှင့်အတူ ကြီးပြင်းခဲ့ရသည် ။ မိခင်သည် သူ့ကို အလိုလိုက်၍ ပုံပြောကာ သိပ်လေ့ရှိသည် ။ သူ့မိခင် အမြဲပြောသော စကားတစ်ခွန်းမှာ “သားလေး ကြီးလာရင် မမိုက်နဲ့နော် ၊ မေမေအိုလာတဲ့အခါ သားကိုပဲ အားကိုးရမှာ ။ ဒါကြောင့် မဆိုးနဲ့ ၊ မပေနဲ့ ၊ မကောင်းတဲ့လူနဲ့ မပေါင်းနဲ့” ဟူ၍ ဖြစ်သော်လည်း သူ့အသက် (၁၆) နှစ်ရောက်လျှင် လူဆိုးတို့၏ ဖြားယောင်းမှုဖြင့် တောပုန်းဓားပြ ဖြစ်လာခဲ့သည် ။ ဒုစရိုက်အမျိုးမျိုးကို ကျူးလွန်ခဲ့သည် ။ လက်မရွံ့ ဗိုလ်မောင်ဟူသော ဘွဲ့ကိုပင် ရခဲ့ပါပြီ ။ သူ့အသက်တာမှာ ဘာရည်ရွယ်ချက်မှ မရှိ ။ လူတကာမုန်းတီးခြင်းကို ခံရ၍ တစ်ကိုယ်လုံးမှာလည်း သူ သတ်ခဲ့သော လူတို့၏ သွေးညှီနံ့ဖြင့် နံနေလေပြီ ။   ဒီတစ်ညတော့ ဗိုလ်မောင် …မိခင်ကို သတိရနေသည် ။ တောက်တစ်ချက်ကို ခေါက်ကာ မျက်ရည်စီးကျလာသည် ။ “မေမေရေ…သားလူမိုက်ကြီး ဖြစ်နေပါပေါ့လား ။ မေမေ မျော်လင့်သလို မဖြစ်လာပါလား” ဟု ညည်းတွားကာ အားပါးတရ ငိုပြစ်လိုက်စဉ် မနီးမဝေး ဂူထဲမှာ သီချင်းသံတစ်ခု ထွက်ပေါ်လာသည် ။ ငါတို့ပြစ်နှင့် ၀မ်းနည်းခြင်းများ ခံရန် မိတ်ဆွေ ယေရူရှိ….အစချီ ဓမ္မသီချင်းကို ကြားရသဖြင့် ဓားကိုဆုပ်လျက် သူပြေးသွားသောအခါ  စိုင်းမျိုးချစ် တစ်ယောက်တည်း ဂူထဲမှာ သီချင်းဆိုပြီး ဆုတောင်းနေသည်ကို တွေ့ရပါသည် ။ သူ့ဆုတောင်းသံမှာ…..
“အို…အဖဘုရားသခင် ၊ ကျွန်တော်မျိုးကို ဖမ်းဆီးချုပ်နှောင်ညဉ်းဆဲနေသော လူဆိုးဗိုလ်ကို အပြစ်မှမှတ်တော်မမူပါနှင့် ။ သူ  မသိသောကြောင့် လုပ်နေခြင်းဖြစ်ပါသည် ။ နောက်ဆုံးတောင်းလိုသောအချက်မှာ ကိုယ်တော်၏  နာမတော်အတွက် အသက်စွန့်ခွင့်ပေး၍  လူဆိုးဗိုလ်အား ကယ်တင်ခြင်းတရား ဟောခွင့်ပေးတော်မူပါ ”  ဗိုလ်မောင်သည် တစ်သက်နှင့်တစ်ကိုယ် ရန်သူအား မေတ္တာပို့ ဆုတောင်းပေးခြင်းကို မကြားဘူးခဲ့ ။ ထို့ကြောင့် အမြန် တံခါးဖွင့်ပြီး အတွင်းသို့ ပြေးဝင်လာခဲ့လေသည် ။
“ မိတ်ဆွေ…ကျွန်တော်ဟာ ခင်ဗျားဆုတောင်းပေးတဲ့ လူဆိုးဗိုလ်ပဲ ။ ကျွန်တော်ဟာအပြစ်ပြည့်ဝနေတဲ့ လူဆိုး တစ်ယောက်ပါပဲ ။ ကျွန်တော်နောင်တရပြီ ။ ဒါပေမယ့် ကျွန်တော့ကို ဘယ်သူ လက်ခံမလဲ ။ ဘယ်သူ ခွင့်လွှတ်မလဲ ”
“နောင်တ သံဝေဂတရားရတယ်ဆိုတာ ဘယ်တော့မှ နောက်မကျပါဘူး ။ ကျွန်တော် ယုံကြည်ကိုးစားတဲ့ ကယ်တင်ရှင် သခင်ယေရူဟာ  ကျွန်တော်တို့ထံ အပြစ်ရှိတဲ့လူတွေကို လာရောက်ကယ်တာပဲ ။ ငယ်ငယ်တုန်းက ကျွန်တော်ရတဲ့ ကျမ်းပုဒ်ကို ရွတ်ပြပါ့မယ် ။ ခရစ်တော်ယေရူသည် ဒုစရိုက်သားတို့ကို ကယ်တင်ခြင်းငှာ ဤလောကသို့ ကြွလာတော်မူသည် ။   (၁ တိ  ၊ ၁း၁၅) ၀န်လေး၍ ပင်ပန်းသော သူအပေါင်းတို့  ငါ့ထံသို့ လာကြလော့ ။ ငါသည် ချမ်းသာပေးမည် ။ (မဿဲ ၊ ၁၁း၂၈) လို့ဆိုခဲ့ပါတယ်”  ချက်ချင်းပင် ဓားပြဗိုလ်သည် ထိတွေ့ပြောင်းလဲခြင်းကို ခံရကာ စိုင်းမျိုးချစ်၏စကား၌ သက်ဝင်လျှက် ဥပဒေဘောင်အတွင်း ၀င်လာခဲ့ပါသည် ။ သူ၏နောင်တ တရားကြောင့် အသစ်ပြုပြင်သော အသက်တာကို ရလျက် ကျေးရွာသစ်တစ်ရွာ ၊ လယ်ယာကိုင်းကျွန်းအသစ်ကို တည်ဆောက်လျက် တရားသဖြင့် နေထိုင်အသက်မွေးပြီး မိခင်အိုကိုလည်း ကောင်းးစွာ လုပ်ကိုင်ပြုစုခွင့်ရလေသည် ။ သူတည်ထောင်သော ရွာသစ်တွင် စိုင်းမျိုးချစ်ကိုဖိတ်ခေါ်လျက် အတူနေစေကာ တရားပြသော သငှ်းအုပ်အဖြစ် ထားရှိသည်တွင် မမျှော်လင့်ပဲ တောင်တန်းဒေသ၌ နိုးကြားရှင်သန်သော အသင်းတော်တစ်ပါး ဖြစ်ပေါ်လျှက် ဂုဏ်တော်ကို ချီးမွမ်းစရာဖြစ်လာခဲ့ပါသည် ။
ဤအဖြစ်အပျက်တွင် စုံစမ်းခြင်းမုန်တိုင်းကို စိုင်းမျိုးချစ်နှင့် ဗိုလ်မောင်တို့ နှစ်ဦး အပြင်းအထန် ခံစားခဲ့ကြရပါသည် ။ စိုင်းမျိုးချစ်၏ မယိုင်မလဲ တည်မြဲသောယုံကြည်ခြင်းကြောင့်  ဗိုလ်မောင်ကို မကောင်းသော အမှုအရာမှ ကယ်နှုတ်နိုင်ခဲ့ပါသည် ။ စုံစမ်းစစ်ကြောခြင်းခံရသဖြင့် ကျေးဇူးတော်ကို ခံစားကြရသည် ။ ပြည့်ဝစုံလင်သော ခရစ်ယာန်အသက်တာကို ရခဲ့ကြပါသည်  ။

နိဂုံး


စင်စစ်အားဖြင့် ခရစ်ယာန်တစ်ဦး၏ အသက်တာသည် လွယ်ကူသော အသက်တာတော့ မဟုတ်ပါ ။ အမျိုးမျိုးသော စုံစမ်နှောက်ရှက်ခြင်းကို တွေ့ရသောအခါ တွန်းလှန်ရင်ဆိုင်နိုင်ဖို့ ဘုရားသခင်ထံ ခွန်အားကို တောင်းခံရန် မမေ့သင့်ပါ ။ ဘုရားသခင်ထံမှရသော ခွန်အားဖြင့် တွန်းလှန်၍ မိမိ၏ ယုံကြည်ခြင်းကို ပိုမိုခိုင်မြဲလာရပါသည် ။ ထို့ပြင် စုံစမ်းခြင်းအားဖြင့် သည်းခံခြင်း ပါရမီကို ပိုမိုစုစည်းမိလာနိုင်ပါသည် ။ သည်းခံခြင်း ပါရမီ ပြည့်ဝလာသည်နှင့်အမျှ ပြည့်စုံသောအသက်တာကို ရရှိလာပါမည် ။ သို့ဖြစ်၍ စုံစမ်းခြင်းမုန်တိုင်းကို ရင်ဆိုင်ရခြင်းသည် ဘ၀တွင်အောင်မြင်ရာ လမ်းသို့ ပို့ဆောင်ခြင်းတစ်မျိုးဖြစ်သည်ဟု သိမှတ်ယုံကြည်လျက် ကျေးဇူးတော်ကို ချီးမွမ်းရန် ရှိပါသည် ။
စုံစမ်းခြင်းကို ခံရလျှင် အောင်မြင်ခြင်းကို သင်ရရှိတော့မည် ။ စုံစမ်းခြင်းသည် ကျေးဇူးတော်ဟု မြင်ထားရန် လိုအပ်ပါသည် ။ သမ္မာကျမ်းစာဖေါ်ပြချက်ကို ထပ်မံ၍ ဖတ်ရှုပါရစေ ။
“အထူးထူးအပြားပြားသော စုံစမ်းနှောက်ရှက်ခြင်းနှင့် တွေ့ကြုံရသောအခါ ၀မ်းမြောက်စရာအကြောင်း သက်သက်ဖြစ်သည်ဟု မှတ်ကြလော့……”   (ယာ ၊ ၁း၃)
ဆိုး၏ ခွန်အားကိုဖြည့်စွမ်းသောတရားဟောချက်များစာအုပ်မှ

Monday, June 27, 2011

ဘုရားသခင်၌သာ မျှော်လင့်စရာ


အခြေပြုကျမ်းချက်။ ။အို­…ငါ့ဝိညာဉ်၊ သင်သည် အဘယ်ကြောင့် မငြိမ်မ၀ပ်ရှိသနည်း။ ဘုရားသခင်ကို မျှော်လင့်လျှက်နေလော့။ ငါ့ကိုကယ်တင်တော်မူသောအရှင် ငါကိုးကွယ်သောဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောပနာ ပြုရလေအံ့သတည်း။ { ဆာ၊ 42:11 }

ဖတ်ရန်ကျမ်းချက်။ ။{ဟေရှာယ၊ 40:31 }

နိဒါန်း

ဘီစီ {541} ခုနှစ်တွင် ဗာဗုလုန်နိုင်ငံ၏ ရှင်ဘုရင်သည် နဘိုနိဒတ်ဖြစ်လေသည်။ သူ့လက်ထက်တွင် ဣသရေလအမျိုးအနွယ်တို့သည် ဗာဗုလုန်ရန်သူတို့၏ ဖမ်းဆီးချုပ်နှောင်ခြင်းကိုခံနေရသည်။ ယေရူရှလင်ဗိမာန်တော်သည် ဖျက်ဆီးခြင်းခံရ၍ ယေရူရှလင်မြို့ရိုးသည် ကျိုးပျက်လျက်ရှိနေသည်။ ဗာဗုလုန်မြေတွင် ဣသရေလတို့သည် ဆင်းရဲခြင်းကြီးစွာကြုံလျက် အခက်ခဲများနှင့် ရင်ဆိုင်နေရပါသည်။ ထိုအချိန်မှာပင် ဗာဗုလုန်ပြည်ကို ထိပါးလာသောနိုင်ငံရေး အန္တရာယ်တစ်ခုက ပေါ်လာပြန်သည်။ မြောက်ဘက်ပါရှန်းနိုင်ငံမှ ကုရုမင်းသည် တန်ခိုးအင်အားကြီးထွားလာသဖြင့် ဗာဗုလုန်နိုင်ငံ၏ အချုပ်အချာအာဏာကို ထိပါးလာသည်။ ဗာဗုလုန်နိုင်ငံနှင့် ပါရှန်းနိုင်ငံတို့ စစ်ဖြစ်မည့်အရိပ်အယောင် ယှက်သန်းလာသောအခါ ဗာဗုလုန်နိုင်ငံသားများနှင့် ဗာဗုလုန်နိုင်ငံရောက်သုံ့ပန်းများဖြစ်သော ဣသရေလတို့သည် များစွာစိုးရိမ်ပူပန်နေကြပါသည်။ မငြိမ်မသက်သော အခြေအနေကြောင့် စီးပွားရေးမလုပ်နိုင်။ ဆူပူသောင်းကျန်းမှု၊ သူခိုးဓားပြများ၏ အန္တရာယ်များပြားနေသော ကာလဖြစ်ရာ အသက်သည် ဖက်ပေါ်မှရေစက်လေများနှယ် လုံခြုံမှုကင်းမဲ့နေဆဲ ဒေသဖြစ်နေပါသည်။

ဗာဗုလုန်ရှင်ဘုရင် နဘိုနိဒါတ်သည်ပင် စိတ်ပူပန်၍ နှစ်သစ်ကူးပွဲတစ်ခုကို ပြုလုပ်ကာ သူတို့၏ တန်ခိုးအကြီးဆုံး ဘုရားဖြစ်သော မာဒုတ်ဘုရားကို ပူဇော်ကြလေသည်။ ဗာဗုလုန်နိုင်ငံ၏ ဖန်ဆင်းခြင်းပုံပြင် [Creation Story] တွင်မာဒုတ်နှင့် တင်ကူး ဟူ၍ဘုရားနှစ်ဆူရှိခဲ့သည်။ ထိုဘုရားနှစ်ဆူစစ်ဖြစ်သောအခါ တင်ကူးဘုရားစစ်ရှုံး၍ မာဒုတ်ဘုရား စစ်နိုင်လေသည်။ သေသွားသော တင်ကူးဘုရားကို မာဒုတ်ဘုရားက နှစ်ပိုင်းဖြတ်၍ အပေါ်ပိုင်းကို မိုးကောင်းကင်အဖြစ်၊ အောက်ပိုင်းကို မြေပြင်အဖြစ် ဖန်ဆင်းခဲ့သည်ဟု ယုံကြည်ကာ မာဒုတ်ဘုရားသည် ဗာဗုလုန်ဘုရားများအနက် တန်ခိုးအကြီးဆုံးဟု သတ်မှတ်ခဲ့ကြပါသည်။

နှစ်သစ်ကူးပွဲတော်တွင် ဗာဗုလုန်တို့သည် မာဒုတ်ဘုရားထံ၌ မိမိတို့၏ အနာဂတ်ကို မေးမြန်းစစ်ဆေးကြသည်။ ဗေဒင်လက္ခဏာကိုမေး၍ အနာဂတ်မျှော်လင့်ချက်ကို ရှာဖွေကြပါသည်။

အနာဂတ်အရေးကို မေးမြန်းကြရာတွင် ဗာဗုလုန်လူမျိုးများသာမက ဣသရေလ လူမျိုးတို့သည်လည်း ပါဝင်လေရာ ထိုအချိန်၌ ပေါ်ပေါက်လာသော ဘုရားသခင်၏ပရောဖက် ဟေရှာယသည် ပြင်းထန်သော ပရောဖက်စကားများဖြင့် ဗာဗုလုန်နှင့် ဣသရေလလူမျိုးတို့အား ပြစ်တင်ရှုံ့ချခဲ့လေသည်။ ဟေရှာယက​​­-

လူပျိုတို့သည် မော၍ပင်ပန်ခြင်းသို့ ရောက်ကြလိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍လဲကြလိမ့်မည်။ထာဝရဘုရားကိုမျှော်လင့်သောသူတို့မူကား

အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိအတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်းမပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ

{ဟေရှာယအနာဂတ္တိကျမ်း 40:30-31}

၁။ မျော်လင့်စရာ ကုန်ဆုံးသောအခါ သခင်ဘုရားကိုသတိရပါ။

မျှော်လင့်ချက် မရှိတော့ဘူးဟု ပြောဆိုသောအသံကို ကြားရတိုင်း ရင်ထဲမှာ လှစ်ခနဲ မြက်ခနဲ ခံစားဖူးကြမှာဖြစ်ပါသည်။ ကျွန်တော်၏မိခင် ရောဂါသည်းစဉ်ကတစ်ကြိမ်၊ ကျွန်တော်၏ဖခင် နာရီပေါင်းများစွာ သတိလစ်နေစဉ်ကတစ်ကြိမ် ဆေးပညာရှင်များက သက်ပြင်းကိုရှိုက်လျှက် ပြောရမှာ စိတ်မကောင်းပါဘူးဗျာ၊ စိတ်ခိုင်ခိုင်ထားပြီးနားထောင်၊ မျှော်လင့်ချက်တော့မရှိသလောက်ပဲဟု ပြောကြပါသည်။ ကျွန်တော်အတော်ကလေး ကြိုးစား၍ မတ်တတ်ရပ်ရပါသည်။ အလိုတော်ပဲ၊ အလိုတော်ပဲ၊ ဘုရားသခင် ကျွန်တော် ကျေနပ်ပါတယ်ဟု ၀န်ခံစကားကို ထစ်ထစ်ငေါ့ငေါ့ပြောရင်း ပင်ပန်းနွမ်းနယ်သွားခဲ့ဖူး ပါသည်။ ပညာရှင်အများက လူသည်အစာမစားပဲ အရက် (၄၀) နေနိုင်ပါသည်။ ရေမသောက်ပဲ (၃) ရက်နေနိုင်ပါသည်။ လေမရူရှိုက်ပဲနှင့် (၈) မိနစ်နေနိုင်ပါသည်။ မသေပါ။ သိုသော်လည်း မျှော်လင့်ခြင်း မရှိသော် (၁)စက္ကန့်ပဲ အသက်ရှင်နေနိုင်သည် ဟု ပြောကြပါသည်။ လူ့ဘ၀တွင် မျှော်လင့်ခြင်းသည် ဤမျှအရေးကြီးပါသည်။ သို့သော်လည်း လူ့ဘ၀တွင် အထူးထူးအပြားပြားသော ကြုံတွေ့စရာ များပြားလှပါသည်။ အကြောင်းအကျိုး၊ အကောင်းအဆိုး အမျိုးမျိုးရှိပါသည်။ တစ်ခါတစ်ရံတွင် မျှော်လင့်သမျှ ပြည့်စုံ၍ တစ်ခါတစ်ရံ မျှော်လင့်ခြင်းသည် သဲထဲရေသွန်သလို ပျက်စီးဆုံးရှုံ့းရပါသည်။ ထိုအခါများတွင်ယူကြုံးမရ၊ အပူလုံးကြွလျှက် ဆောက်တည်ရာမရ ဖြစ်ကြရပါသည်။

ကျွန်တော်တို့၏ ဘ၀ရည်ရွယ်ချက် ပျက်စီးလျှက် မျှော်လင့်ချက် ကင်းမဲ့သော အခါ သေချင်စိတ်ပဲ ရှိနေတတ်ပါသည်။

ကျွန်တော်တို့၏ ချစ်ခြင်းမေတ္တာများအတွက် မျှော်လင့်ချက်ကင်းမဲ့သောအခါ ၀မ်းနည်း၍ အဆိပ်သောက်ချင်တတ်ပါသည်။

ကျွန်တော်တို့၏ အချစ်ဆုံးချစ်သူများ ခွဲခွာရ၍ ပြန်တွေ့ဆုံဖို့မျှော်လင့်ချက် မရှိတော့သောအခါ ကြေကွဲ၍ လောကထဲမှ ဖြစ်ချင်ရဖြစ် လေလွင့်နေချင်တတ်ပါသည်။ ကျွန်တော်တို့၏ကျမ်းမာရေး ညံ့ဖျင်းကာ ပြန်လည်ကောင်းလာဖို့ မျှော်လင့်ချက်မရှိတော့ သောအခါ ကျိုးပဲ့သောနှလုံးအိမ်ဖြင့် အိပ်ဆေးများကိုပဲ အလွန်အကျွံသောက်ချင်မိပါ သည်။ ကျွန်တော်တို့၏ရန်သူများဝန်းရံလျက် ဖိစီးနှိပ်စက်ရာမှ လွတ်မြောက်အောင် ဖောက်ထွက်နိုင်ဖို့ လမ်းစမရှိ။ မျှော်လင့်ချက်ကင်းမဲ့သောအခါမှာ ကိုယ့်ပါးစပ်ထဲသို့ ပစ္စတိုသေနတ်ကို ထိုးထည့်မောင်းဖြုတ်လိုက်ချင်မိပါသည်။

အံကိုကြိတ်လျက် ခုံကိုထိုးချေလျက် မျက်ရည်သို့ယိုစီးလျက် ရှိခြင်းသည် မျှော်လင့်ချက်တို့ပျက်စီးခြင်း၏ အမှတ်အသားများဖြစ်ပါသည်။ လူတိုင်းတို့အတွက် တစ်ကြိမ်မဟုတ်တစ်ကြိမ် မကြုံမနေရ ကြုံရမည့်ကိစ္စဖြစ်၍ တကယ်တော့စဉ်းစားကြည့်လျှင် ထူးဆန်းသော လောကပရိယယ်တစ်ခုတော့မဟုတ်ပါ

သည်လိုအဖြစ်မျိုးကို ကြုံရလျှင် အောင်နိုင်စွာဖြတ်သန်းဖို့ ဂါထာတစ်ခုရှိပါသည်။ အဆက်မပြတ်ရွတ်ဖတ်ကြည့်ပါ။ သင် ဆောက်တည်ရာရလာပါလိမ့်မည်။

“ထာဝရဘုရားသည် ငါခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါကိုးစားသော ဘုရားသခင် ဖြစ်တော်မူသည်” {ဆာလံ 91:2}

၂။ မျှော်လင့်ချက်အသစ်ကို ဘုရားသခင်ပေးနိုင်ပါသည်။

သမာကျမ်းစာတွင် ဂတိတော်ပေါင်း နှစ်သောင်းကျော်ရှိသည်ဟု ကိုရီးယားမှ ကမ္ဘာ့ အကြီးဆုံးအသင်းတော်၏ သင်းအုပ်ဆရာ ဒေါက်တာပေါလ်ဝိုင်က ပြောပြပါသည်။ သူက “`ဤကတိတော်များကို စွဲကိုင်၍အသက်ရှင်ခြင်းအားဖြင့် အသက်တာတွင် ဘာမျှအားငယ်စရာမရှိ။ ၀မ်းနည်းစရာလည်းမလို။ သမ္မာကျမ်းစာတွင် ဘုရားသခင်သည် သူ့သားသမီးတို့အား ရွှင်လန်းအောင်မြင်စွာ ဘ၀ခရီးဖြတ်သန်းသွားဖို့ မျှော်လင့်ချက်များပေးနေပါသည် ” ဟုဆိုပါသည်။

{ မြည်3:26 } မျှော်လင့်လျက် ငြိမ်သက်စွာ စောင့်၍နေကောင်း၏ဟု ဆိုပြန်ပါသည်။

ဘုရားသခင်သည် လူတို့၏မျှော်လင့်ချက်ကို ပေးနိုင်သော အရှင်ဖြစ်ပါသည်။ ဘုရားသခင်ပေးသော မျှော်လင့်ခြင်းကား ကျွန်တော်တို့ မျှော်လင့်ခြင်းနှင့် ပို၍ ကောင်းမွန်မြင့်မြတ်သည်ကို မြင်တွေ့ရသောအခါ အံ့သြဖွယ်ဖြစ်သည်ကို တွေ့ရပါသည်။ လူသားတစ်ယောက်အနေနှင့် မိမိအနာဂတ်ကိုတည်ဆောက်ရန် ထားသော မျှော်လင့်ခြင်းနှင့် ဘုရားသခင်ပေးသော မျှော်လင့်ခြင်း ကွာခြားမှုကို သာဓကပြပါမည်။

{1809} ခုနှစ်ဖေဖေါ်ဝါရီလ {12} ရက်တွင် ကမ္ဘာပေါ်၌ ကလေးငယ်နှစ်ဦး တစ်ချိန်တည်း မွေးဖွားခဲ့ပါသည်။ တစ်ဦးက အင်္ဂလန်နိုင်ငံတွင် မွေးဖွားသော သူဌေးကလေး ချားလ်ဒါဝင် [Charles Darwin] ဖြစ်ပြီး တစ်ဦးကတော့ အမေရိကန်နိုင်ငံ အညတြမိဘများမှ မွေးဖွားလာသော အာဗြဟံလင်ကွန်း [Abraham Lincoln] တို့ဖြစ်ကြပါသည်။ ဒါဝင်သည် လူ့ဘ၀တွင် မျှော်လင့်ချက်ကြီးသော မိဘများမှ ဆင်းသက်လာသူ ဖြစ်သည့်အတိုင်း ကင်းဗရစ်တက္ကသိုလ်မှဘွဲရခဲ့ပြီး နောက် သတ္တဗေဒပညာရပ်များတွင် ထူးချွန်ခဲ့သူဖြစ်ပါသည်။ ဂုဏ်သရေရှိ ကညာတတ်လူကုံထံ ဖြစ်လာကာ ဗြိတိသျှတောင် ပိုင်း ပယ်လယ်လေ့လာရေးအဖွဲ့တွင် လိုက်ပါ၍ အမေရိကတိုက် နယူဇီလန်ကျွန်း စသည်တို့အထိ ကမ္ဘာနှံ့ခဲ့ပါသည်။

{1859}ခုနှစ်တွင် ဒါဝင်သည် သက်ရှိတို့၏မူလအစ စပီးရှီး စာအုပ်ကို {Species}ရေးခဲ့ပါသည်။ နောက်လူသည် မျောက်မှဆင်းသက်လာသည့်အဆိုကို တင်ပြ၍ သတ္တ၀ါတို့၏ ဆင့်ကဲဖြစ်စဉ် အယူအဆ{Evolution Theory} ကို ဖော်ထုတ်လာသောအခါ ကမ္ဘာပညာရေးလောက၌ ထိတ်လန့်တကြားဖြစ်ပွားခဲ့ပါသည်။ ဒါဝင်သည်သူ့မျှော်လင့်ချက်အတိုင်း ဘ၀ကို စနစ်တကျတည်ဆောက်ပြီး အောင်မြင်မှု အများအပြားကိုရရှိခဲ့ပါသည်။ ဖန်ဆင်းရှင် ဘုရားသခင်မရှိဟု ယုံကြည်ကာ လူတို့၏ပဓာနစွမ်းရည်ကို ကိုးစားခဲ့သူဖြစ်၍ အသက်တာ၏ နှောင်းပိုင်းတွင် ကျေနပ်နှစ်သိမ့်ခြင်း မရရှိခဲ့ပါ။ မျှော်လင့်ခြင်းသည် အဆုံးမတတ်နိုင်။ ပညာတတ်ဖြစ်သော်လည်း ပညာကုန်မလေ့လာနိုင်ခဲ့ပါ။ သူ၏ {Evolution Theory} သည် လေ့လာစရာကောင်းသော်လည်း နှောင်းလူတို့အတွက် အငြင်းပွားစရာဖြစ်သည် မှလွဲ၍ ဆက်လက်ထောက်ခံတင်ပြခြင်း၊ ဆွေနွေးဖော်ဆောင်ခြင်း မဖြစ်လာပဲ မှတ်တမ်း တစ်ခုအဖြစ်သာ ပညာရပ်ဆိုင်ရာနယ်ပယ်၌ ကျန်ရစ်ခဲ့ပါသည်။

အဗြဟံလင်ကွန်းမူကား တစ်နှစ်သာ ကျောင်းနေဖူးသည်။ သူ့အိမ်မှ မိုင်(၂၀) အတွင်း၌သာ ခရီးသွားဖူးသည်။ ဆိုင်တစ်ဆိုင်တွင် အရောင်စရေးလုပ်ရင်း ညဖက်တွင် ကျပန်းစာဖတ်သည်။ ဥပဒေနှင့် အခြားစာပေများကို လေ့လာခဲ့သည်။ သူသည် မျှော်လင့်ချက်ကို များများမထား။ ဘာလုပ်ချင်သလည်းဟုမေးတိုင်း ဘုရားသခင် လက်ထဲမှာပဲဟုဖြေတတ်သည်။

ဒါဝင်က {Evolution Theory} နှင့် နာမည်ကြီးလာချိန်၌ လင်ကွန်းက အမေရိကန်ပြည်၏ သမတ္တဖြစ်လာသည်။ ပြည်တွင်းစစ်လည်းဖြစ်နေသည်။ နိုင်ငံရေးရှုပ်ထွေးမှုများကို ဖြေရှင်းရာ၌ လင်ကွန်းသည် ညစဉ်ကျမ်းစာဖတ်ပြီးလျှင် ဒူးထောက်ဆုတောင်းလေ့ရှိသည်။ အမေရိကန်ပြည်ရှိ ကျွန်စနစ်ကိုဖျက်သိမ်းခဲ့သည်။ အမေရိကန်ပြည်ထောင်စု၏ ဥပဒေနှင့် ငွေစက္ကူပေါ်တွင် “ဘုရားသခင်ကို ငါတို့ကိုးစားသည်” ဟူသည့် ဆောင်ပုဒ်ကို ရေးထားခဲ့သည်။ လင်ကွန်းသည် ဘုရားသခင်ကပေးသည့် မျှော်လင့်ချက်ဖြင့် အသက်ရှင် နေထိုင်သွားကာ နှောင်းလူတို့အတွက် များပြားစွာ အကျိုးပြုခဲ့သူ ဖြစ်သည်ဟု မှတ်တမ်းဝင်၍ နယ်ပယ်အသီးသီးမှ ယခုထက်တိုင် သြဇာသက်ရောက်ဆဲ ရှိပါသည်။

သူတို့နှစ်ဦးကို နှိုင်းယှဉ်ကြည့်ပါ။ ဒါဝင်နှင့် လင်ကွန်းသည် ရက်တူ နှစ်တူတွင် မွေးဖွားခဲ့သည်။ တစ်ဦးက ဘုရားကိုမယုံကြည်၊ မိမိကိုယ်ပိုင်မျှော်လင့်ချက်ဖြင့် အသက်ရှင်နေထိုင် ကြိုးပမ်းအားထုတ်သွားခဲ့သည်။ ပင်ကိုကလည်း သူဌေးသူကြွယ်သားဖြစ်၍ စွမ်းဆောင်နိုင်ရန် အခြေအနေက ပေးခဲ့သည်။ ဘုရားသခင်နေရာကိုပယ်ဖျက်၍ {Evolution Theory} ဖြင့် အစားထိုးရန်ကြိုးစားခဲ့သည်။ တစ်ဦးကတော့ ဘုရားသခင်သည်သာ မျှော်လင့်စရာဟု နားလည်၍ကိုးစားသည်။ မိမိ၏မျှော်လင့်ချက်အားလုံးကို ဘုရားသခင်၏လက်ထဲမှာ ထည့်ထားလိုက်သည်။ ဘုရားသခင်ကလည်း သူ့ကိုမျှော်လင့်ချက် အသစ်ကိုပေးကာ အညတြဘ၀မှ ကမ္ဘာပေါ်တွင် သြဇာအရှိဆုံး သမတ္တမင်း ဖြစ်ခွင့်ပေးခဲ့သည်။

ဤလူနှစ်ယောက်တွင် အဘယ်သူ၏ မျှော်လင့်ချက်သည် ပို၍တန်ဖိုးကြီးမား ပါသနည်း။ ကျွန်တော်တို့သည် ထိုသူနှစ်ယောက်အနက် တစ်ယောက်၏လမ်းကို လိုက်ရမည်ဖြစ်၍ အဘယ်သူ့နောက်ကိုလိုက်မည်နည်း ?။

၃။ ခရစ်ယာန်များအတွက်မျှော်လင့်ချက်။

အကောင်းဆုံးကိုမျှော်လင့်လျှက် အဆိုးဆုံးအတွက် ပြင်ဆင်ထားပါဟူသော စကားပုံရှိခဲ့ဖူးပါသည်။ ဤကဲ့သို့သော နီတိစကားများသည် ခွန်အားကိုပေးနိုင်ပါသည်။ သမ္မာကျမ်းစာလာ စကားများမှာမူကား ဤနီတိစကား၊ လူတို့၏ အနှစ်ချုပ်မိန့်ခွန်းထက် သာ၍ အင်အားကြီးမားသည့်အလျှောက် များစွာတန်ဖိုးရှိလေသည်။ ဆာလံဆရာက အိုငါ့ဝိညာဉ်၊ သင်သည် အဘယ်ကြောင့် မငြိမ်မ၀ပ်ရှိသနည်း။ ဘုရားသခင်ကိုမျှော်လင့် လျှက်နေလော့ဟု မိမိကိုယ်ကို ဆုံးမသည့်နည်းတူ ယနေ့ကျွန်တော်တို့ကိုလည်း အားပါးတရသွန်သင် နေပါသည်။ ဘုရားသခင်၌ အဘယ်ကြောင့်မျှော်လင့်စရတာရှိပါသ နည်း။

(1)ဤလောကသို့ ခရစ်တော်ကြွလာခဲ့သဖြင့် ယုံကြည်သူအားလုံးတို့အတွက် မျှော်လင့် ခြင်းရှိကြပြီ။

(2)ကားတိုင်ပေါ်တွင် ခရစ်တော် အသေခံခဲ့သဖြင့် ယုံကြည်သူအားလုံးအတွက် မျှော်လင့်ခြင်းကို တွေ့ကြရပါပြီ

(3)သုံးရက်မြောက်သောနေ့တွင် ခရစ်တော်ရှင်ပြန်ထမြောက်ခဲ့သဖြင့် ယုံကြည်သူအားလုံးအတွက် မျှော်လင့်ခြင်းကို ရရှိကြပါပြီ။

(4)ခရစ်တော်သည် အထက်ကောင်းကင် အဖအိမ်တွင် အခန်းများပြင်ဆင်ထားသဖြင့် ယုံကြည်သူအားလုံးအတွက် တမလွန်စိတ်ချရမှုကိုပင်လျှင် ပိုင်ဆိုင်ကြရပါပြီ။

(5)ခရစ်တော်သည် တစ်ဖန်ကြွလာဦးမည် ဖြစ်သောကြောင့် အောင်မြင်ခြင်း တံပိုမှုတ်သံကို ယုံကြည်သူအားလုံး ကြားရဖို့ မျှော်လင့်ခြင်းရှိပါသည်။

အမှန်တွင် ဆလံဆရာ၏ စကားကဲ့သို့ပင် ပြောဆိုရန် အကြောင်းရှိပါသည်။

“ငါ့ကိုကယ်တင်တော်မူသောအရှင် ငါကိုးကွယ်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းထောပနာ ပြုရလေအံ့သတည်း”

ဆိုး၏ ခွန်အားကိုဖြည့်စွမ်းသောတရားဟောချက်များစာအုပ်မှ